ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

 



ဇွန် ၆


ဂျပန်နိုင်ငံပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် စံချိန်တင်မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ သုံးဦးသေဆုံးခဲ့ပြီး နေအိမ်အလုံး ၉၉၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယမန်နေ့ကဖော်ပြထားသည်။


ဂျပန်နိုင်ငံအလယ်ပိုင်း အာအိချိနှင့် ရှိဇုအိုကာခရိုင်တို့တွင် ဇွန်လ ၂ ရက်နေ့ကစတင်ကာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။


အဆိုပါစံချိန်တင်မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသော အပျက်အစီးများအားအတည်ပြုခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု ကျိုဒိုသတင်းအေဂျင်စီက ပြောကြားသည်။


အီဝါတမြို့တွင် နေထိုင်သော အသက် ၇၄ နှစ်အရွယ်အမျိုးသားတစ်ဦး ပျောက်ဆုံးနေသည်ဟု ကနဦးကဖော်ပြထားပြီး ယမန်နေ့က သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့ကပြောကြားသည်။


၎င်း၏ရုပ်အလောင်းကို ရှိဇုအိုကာခရိုင်ရှိ ဖူကူရိုအီကမ်းရိုးတန်းတွင် ယမန်နေ့ကတွေ့ရှိခဲ့ရာ ခရိုင်နှစ်ခုတွင်သေဆုံးသူ သုံးဦးရှိလာသည်ဟု သိရသည်။


ထိုရေကြီးရေလျှံမှုကြောင့် အာအိချိခရိုင်တွင် နေအိမ်အလုံး ၂၇၃ လုံးနှင့် ရှိဇုအိုကာခရိုင်တွင် နေအိမ်အလုံး ၇၁၇ လုံးပျက်စီးသွားခဲ့သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.