ပထမအကြိမ် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ



နေပြည်တော်     ဇွန်   ၁၂


ပထမအကြိမ် ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသား သင်တန်းသူ ၃၀ နှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြပြီး  တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူ  ၅၈ ဦးတို့က  အွန်လိုင်းမှ တက်ရောက် ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မား စေရေးကို အထောက်အကူပြုစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များကို ကောင်းစွာလိုက်နာတတ်စေရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ စာရင်းစစ်ဆေး ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသိရှိနားလည်လာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှရရှိလာသော အသိပညာ ဗဟုသုတများ ကိုအခြေခံ၍ စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်း တာဝန်အသီးသီးတွင် ပြန်လည်အသုံးချကာ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသောဝန်ထမ်းများ ဖြစ်လာရန် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးတို့သည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကို သိရှိထားရန် လိုအပ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို  ဂရုတစိုက်လေ့လာမှတ်သားပြီး မိမိတို့ဌာနတိုးတက်ရေး အတွက်  ပြန်လည်အသုံးချစေလိုကြောင်း ‌ပြောကြားသည်။


ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)


No comments

Powered by Blogger.