အီဂျစ်နိုင်ငံ၌ သဲမုန်တိုင်းတိုက်သဖြင့် ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဇွန် ၂


အီဂျစ်နိုင်ငံ နေရာအနှံ့အပြားတွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့တော်ကိုင်ရိုတွင် ယမန်နေ့က တစ်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့သည်။


မြို့တော်ကိုင်ရိုတွင် သဲမုန်တိုင်းတိုက်ခတ်သဖြင့် ကြော်ငြာဆိုင်းဘုတ်ပြိုကျခဲ့ရာမှ ထိခိုက်ဒဏ်ရာရသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။


နိုင်ငံတစ်ဝန်းတွင်လည်း ယာဉ်မတော်တဆမှုအများအပြားဖြစ်ပွားခဲ့ပြီး လူအချို့ ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။


သဲကန္တာရအနောက်ပိုင်းတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းသည် နိုင်ငံတစ်ဝန်းရှိ လမ်းများ၊ ဆိပ်ကမ်းများနှင့် ကမ်းခြေများသို့ ဉီးတည်နေသည်ဟု အီဂျစ်မိုးလေဝသဆိုင်ရာ ဂြိုဟ်တုစင်တာအကြီးအကဲ အီမန်ရှတ်ခါက ပြောကြားသည်။


ထိုမုန်တိုင်းသည် ကိုင်ရို၊ ဆူဇ်၊ အစ်မေးလီအာနှင့် စီနေပန်နီဆူလာဒေသများသို့ ဉီးတည်နေသည်ဟု ရှတ်ခါကဆိုသည်။


သဲမုန်တိုင်းနှင့် အပူလှိုင်းများသည် ဇွန် ၂ ရက်အထိ ဆက်လက်တည်ရှိမည်ဟု ယူဆရကြောင်း ရှတ်ခါကထပ်လောင်းပြောသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို





No comments

Powered by Blogger.