လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၄၈၈ ဦးအထိ မြင့်တက်

 



ဇွန် ၂၈


လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဆက်လက်မြင့်မားလျက်ရှိသည်။ လာအိုကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဆိုင်ရာ ပညာရေးနှင့် ပြန်ကြားရေးစင်တာ၏ယနေ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၄၈၈ ဦးအထိ မြင့်တက်လာပြီး တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။


နိုင်ငံအတွင်း အောက်ဒိုပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၉၆ ဦးရှိရာ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ခမ်မူအန်ပြည်နယ်တွင် ၁၀၁၆ ဦးနှင့် ရှရာဘောင်ရီပြည်နယ်တွင် ၅၅၂ ဦးတို့စစ်ဆေးတွေ့ရှိခဲ့သည်။


လာအိုကျန်းမာရေးဝန်ကြီးဌာနက အနီးဝန်းကျင်ရှိရေအိုင်များအတွင်း ခြင်များပေါက်ဖွားရာမှသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသဖြင့် အထူးသဖြင့် မိုးရာသီတွင် သတိဖြင့်နေထိုင်ကြရန် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။


လာအိုကျန်းမာရေးအာဏာပိုင်များက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုဟန့်တားရန် ၎င်းတို့၏ လုပ်ငန်းခွင်များနှင့် နေအိမ်များအနီးဝန်းကျင်ရှိ ခြင်ပေါက်ဖွားနိုင်သည့်နေရာများအားရှင်းလင်းထားရန် ပြည်သူများအားဆက်လက် ပြောကြားသည်။


ကျန်းမာရေးဝန်ကြီးဌာနက ခေါင်းကိုက်၊ ကြွက်သားနာကျင်ကိုက်ခဲ၊ အဖျားကြီးသူများအနေဖြင့် ဆေးရုံသို့သွားရောက်ပြီး အကြံဉာဏ်ရယူရန်နှင့် ကုသမှုခံယူရန် အကြံပြုပြောကြားထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.