အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျမှုဖြစ်ပွား နှစ်ဦးသေဆုံး




ဇွန် ၂၇


အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် ယမန်နေ့ညနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပြိုကျခဲ့ရာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် ရှစ်နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါနေအိမ်ပြိုကျမှုသည် ထိုပြည်နယ်ရှိ လူသိများသောခရီးသွားမြို့ဖြစ်သည့် ဉဒေပါမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ထိုနေအိမ်ပြိုကျမှုမှဒဏ်ရာရရှိသူအားဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင်ကုသမှုခံယူနေဆဲဖြစ်သည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။ ပြိုကျမှုဖြစ်ပွားသောနေအိမ်သည် အိုဟောင်းနေပြီး နံရံများပြိုကျခဲ့သည်ဟု ဖော်ပြထားသည်။


ထိုပြည်နယ်၏နေရာအများအပြားတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။


ထို့အပြင် အိနိ္ဒယနိုင်ငံ၏အခြားသောပြည်နယ်များဖြစ်သည့် ဟီမာချာလ်ပရာဒေ့ရှ်၊ ဥတ္တရာခန်၊ ဒေလီ၊ ဟာရာနာနှင့် ပန်ဂျပ်ပြည်နယ်တို့တွင် လွန်ခဲ့သောရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ဟီမာချာလ်ပရာဒေ့ရှ်ပြည်နယ်တွင် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။


အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်လည်း သီတင်းပတ်နှစ်ပတ်ကြာနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ကျေးရွာ အများအပြားတွင် ရေလွှမ်းမိုးခံနေရဆဲဖြစ်သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.