အမေရိကန်နိုင်ငံ၌ လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံး၊ လူအများအပြားဒဏ်ရာရ

 



ဇွန် ၁၆


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ပယ်ရီတန်မြို့ငယ်လေးတွင် လေဆင်နှာမောင်းအများအပြား တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သုံးဦးထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။


အဆိုပါလေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့်ဒဏ်ရာရသူဦးရေ  ၅၀ မှ ၁၀၀ ကြားရှိရာ ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရပြီး ဒဏ်ရာရရှိသူများအနက် ၁၀ ဦးခန့်သည် အခြေအနေစိုးရိမ်ရသဖြင့် အခြားဆေးရုံများသို့ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။


ထိုလေဆင်နှာမောင်းတိုက်ခတ်သောဧရိယာသည် ၁ မိုင်မှ ၁ ဒသမ ၅ မိုင်အထိရှည်လျားကြောင်းနှင့် နေအိမ်အလုံး ၂၀၀ နီးပါးပျက်စီးနိုင်ကြောင်း ဖော်ပြထားသည်။


ပယ်ရီတန်မြို့တွင် ၎င်းလေဆင်နှာမောင်းများတိုက်ခတ်ပြီးနောက် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့သည်ဟု လျှပ်စစ်ကုမ္ပဏီက ပြောကြားသည်။


၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းအရ အိုကလာဟိုးမားနယ်စပ်ဒေသအနီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသော ပယ်ရီတန်မြို့တွင် လူပေါင်း ၈၅၀၀ နီးပါးနေထိုင်ကြသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.