မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲနှင့် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ





စစ်တွေ ဇွန် ၃၀


ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မိုခါဆိုင် ကလုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး  အလှူငွေပေး အပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။


အခမ်းအနားတွင် May Yu Stars Development Company Limited  မှ  အလှူငွေ ကျပ် သိန်း (၃၀၀)၊ ဖူလီလိုက်ကုမ္ပဏီအုပ်စုမှ  အလှူငွေကျပ် သိန်း (၂၀၀)၊ ဒေါ်တင်အေး ကျောင်းဆရာမကြီး(ငြိမ်း)က အလှူငွေကျပ်(၅)သိန်းနှင့် ဦးညွှန့်ဝေ-ဒေါ်စုစုခိုင်မိသားစုက အလှူငွေကျပ် (၃) သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။ 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၇၂) စက်မှု လယ်ယာစခန်း၌ ကျင်းပသည့် မိုခါမုန်တိုင်းသင့်တောင်သူများ၏ လယ်ယာမြေများ ထွန်ယက် ရန် တောင်သူများအတွက် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ၏ လယ်ယာမြေများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လက်တွန်းထွန်စက် (၁၄)စီးနှင့်  Mini Tractor  (၁၀) စီးကို  အခမဲ့  တစ်ရာသီငှားရမ်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငှားရမ်းပေး မည့်  လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျအသုံးပြုတတ်စေရန်အတွက် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။


ယခုဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူ မှတ်သား ခြင်းဖြင့် လယ်ယာမြေများကို နည်းစနစ်မှန်မှန်၊ အချိန်မီထွန်ယက်စေနိုင်မည်ဖြစ်ကြောင်း၊ စက်ကိရိယာများကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှု နည်းပါး ခြင်းနှင့် သီးနှံအရည်အသွေး မြင့်မားလာစေခြင်းတို့ကြောင့် တောင်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ တို့က စစ်တွေ၊ ရသေ့တောင် နှင့် ပေါက်တောမြို့နယ်များသို့ လယ်ယာသုံး စက်ကိရိယာများကို ပေးအပ်ကြပြီး သင်တန်းသား တောင်သူ (၃၆) ဦးကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကြသည်။


မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တွင်းရေကြောင်းဦးစီးဌာနပိုင် မင်းဂံဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ကုလားတန် -၆ သင်္ဘောပေါ်သို့ ရသေ့ တောင်မြို့နယ်အတွက်ခွဲဝေဖြန့်ဖြူးသည့်  အထွက်တိုး မျိုးစပါးအိတ် များတင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.