ဖိလစ်ပိုင်နိုင်ငံ၌ ငါးဖမ်းသင်္ဘောတစ်စင်းနစ်မြုပ်မှုကြောင့် တစ်ဦးသေဆုံး၊ ကိုးဦးပျောက်ဆုံး
ဇွန် ၂၃
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုအိုရီရန်တယ်လ်ပြည်နယ်တွင် ယမန်နေ့အစောပိုင်းက ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့သဖြင့် ကယ်ဆယ်ရေးသမားများက အလောင်းတစ်လောင်းကိုဆယ်ယူရရှိခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူ ကိုးဦးကို ရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
လူ ၂၄ ဦးထက်မနည်းလိုက်ပါလာသော ဂျန်နစ်-၂ ငါးဖမ်းသင်္ဘောသည် ရေပြင်တွင် မနက် ၁ နာရီခန့်က တစ်ဝက်တစ်ပျက်နစ်မြုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါငါးဖမ်းသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ထိုအနီးအနားရှိ ငါးဖမ်းသင်္ဘောများသည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြကြောင်းနှင့် သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကိုကူညီဆောင်ရွက်ရန် ယင်းနေရာသို့ သင်္ဘောတစ်စီးစေလွှတ်ခဲ့ကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments