အမေရိကန်နိုင်ငံတောင်ပိုင်း၌ လူ ၃၅ သန်းနီးပါး အပူလှိုင်းနှင့်ရင်ဆိုင်နေရ
ဇွန် ၁၆
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖလော်ရီဒါ အရှေ့တောင်ပိုင်းတွင် လူ ၃၅ သန်းနီးပါးသည် ရက်ပေါင်းများစွာကြာမြင့်မည့် အပူလှိုင်းနှင့်ရင်ဆိုင်ရမည်ဟု အမေရိကန်အမျိုးသားရာသီဉတုဝန်ဆောင်မှုဌာနက ယမန်နေ့က ခန့်မှန်းပြောကြားထားသည်။
တက္ကဆက်၊ လူဝီစီးယားနားနှင့် ဖလော်ရီဒါဒေသများတွင် အပူလှိုင်းဖြစ်ပွားဖွယ်ရှိပြီး တောမီးလောင်ကျွမ်းမှုတို့ကြောင့် အပူချိန်မြင့်တက်ဖွယ်ရှိသည်ဟု ထိုဌာနက သတိပေးပြောကြားထားသည်။
တက္ကဆက်ပြည်နယ်နေရာအများအပြားတွင် ဇွန်လအတွင်း အပူလှိုင်းများစံချိန်တင်မြင့်တက်နိုင်သည်။ တက္ကဆက်မြောက်ပိုင်းရှိဒေသများတွင် ဇွန်လ ၁၅ ရက်က အပူချိန် ၁၀၅ မှ ၁၁၂ ဒီဂရီဖာရင်ဟိုက်ရှိကြောင်းနှင့် လာမည့်သီတင်းပတ်အစောပိုင်းတွင် ဂဏန်းသုံးဆမြင့်တက်နိုင်ကြောင်း ထိုဌာနက ခန့်မှန်းထားသည်။
တက္ကဆက်ပြည်နယ် အောစတင်မြို့တော်တွင် လာမည့်သီတင်းပတ်အတွင်း ပျမ်းမျှအပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်၊ ဇွန်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း အပူချိန်စံချိန်တင်အမြင့်မားဆုံးဖြစ်မည်ဟု ရာသီဉတုဆိုင်ရာသတိပေးအဖွဲ့က ခန့်မှန်းထားသည်။
တက္ကဆက်ပြည်နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် လာမည့်သီတင်းပတ်အစောပိုင်းတွင် အပူအညွှန်းကိန်း ၁၂၀ ဒီဂရီအထက်မြင့်မားနိုင်ကြောင်းနှင့် လေအေးပေးစက်မရှိသော အိမ်တွင်းနေထိုင်သူများ သို့မဟုတ် အိမ်ပြင်ထွက် အလုပ်လုပ်နေရသူများအတွက် ကျန်းမာရေးဆိုင်ရာသတိပေးချက်များ ပြောကြားထားသည်။
အမေရိကန်နိုင်ငံတောင်ပိုင်းဒေသတွင် ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် လေဆင်နှာမောင်းများ တိုက်ခတ်နိုင် ကြောင်းကိုလည်း ရာသီဉတုဝန်ဆောင်မှုဌာနက သတိပေးပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments