ပါကစ္စတန်နိုင်ငံ၌ မိုးကြိုးပစ်မှုကြောင့် ၁၀ ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

 



ဇွန် ၂၆


ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က မိုးကြိုးပစ်မှုကြောင့် ၁၀ ဦးသေဆုံးပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားသည်။


အဆိုပါပြည်နယ်ရှိ ရှိတ်ခ်ဟူပူရာနှင့် နာရိုဝါလ်ခရိုင်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်အများအပြား မိုးကြိုးပစ်ခံရသည်ဟု နိုင်ငံပိုင်ကယ်ဆယ်ရေးအဖွဲ့အစည်း 1122 က ဆိုသည်။


နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၃၀ ရက်အထိ မုတ်သုံမိုးအကြိုမိုးများရွာသွန်းမည်ဟု ခန့်မှန်းထားပြီး ပန်ဂျပ်ဒေသရှိ နေရာအများအပြားတွင် လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးပစ်မှုများဖြစ်ပေါ်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ထူထပ်သောဒေသများတွင် ရေကြီးမှုနှင့် မြေပြိုမှုများ၊ မြို့ပြဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနိုင်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေကြောင်း ရာသီဉတုပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး ရှာရီရတ်မန်က ပြောကြားသည်။


မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွားနေစဉ်အတွင်း မြစ်များ၊ လျှပ်စစ်မီးတိုင်များ၊ ထိခိုက်ပျက်စီးနေသော အဆောက်အဦများနှင့် ဝေးရာတွင် နေထိုင်ကြရန် နိုင်ငံသားများအား ပန်ကြားထားကြောင်း ရတ်မန်က ထပ်လောင်းပြောကြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.