တောင်အာဖရိက၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၄၃ ဦး သေဆုံး

 



ဇွန် ၂၆


တောင်အာဖရိကတွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၁၉၇ ဦး ရှိကြောင်း အတည်ပြုထားပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် ၄၃ ဦးသေဆုံးကြောင်း ကျန်းမာရေးဌာနက ယမန်နေ့က ပြောကြားသည်။


နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ငါးခုတွင် ကာလဝမ်းရောဂါသံသယလူနာစုစုပေါင်း ၁၀၄၅ ဦးရှိလာကြောင်းနှင့် ၎င်းတို့အနက် ၁၉၇ ဦးသည် ကာလဝမ်းရောဂါဖြစ်ပွားကြောင်း ဓာတ်ခွဲခန်းကအတည်ပြုထားကြောင်း ထိုဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။


ကာလဝမ်းရောဂါဖြစ်ပွားသည့် အသက် ၄၁ နှစ် နှင့် ၅၀ ကြားအရွယ်အုပ်စုသည် ၂၃ ရာခိုင်နှုန်း၊ အသက် ၃၁ မှ ၄၀ ကြားအရွယ်အုပ်စုသည် ၁၇ ရာခိုင်နှုန်းနှင့် အသက် ၅၁ မှ ၆၀ ကြားအရွယ်အုပ်စုသည် ၁၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြချက်အရ သိရသည်။


အစိုးရကြားဝင်ဆောင်ရွက်ပေးပြီးနောက် လွန်ခဲ့သောသီတင်းပတ်အနည်းငယ်အတွင်း ကာလဝမ်းရောဂါကူးစက်မှုနှင့် သေဆုံးမှုနှုန်း ကျဆင်းလာကြောင်း ယင်းဌာနက ပြောကြားသည်။


ထိုရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများစုသည် ဈာပနအခမ်းအနားတက်ရောက်သူများနှင့် ဆက်စပ်နေသောကြောင့် အထူးသဖြင့် လူမှုရေးပွဲများနှင့် အသုဘအခမ်းအနားများ၌ အစားအသောက်ပြင်ဆင်ချိန်များတွင် တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်စေရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။


ဖေဖော်ဝါရီလအစောပိုင်းက ကာလဝမ်းရောဂါဖြစ်ပွားသူနှစ်ဦးကို ပထမဆုံးစစ်ဆေးတွေ့ရှိခဲ့ပြီး ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ထိုလနှောင်းပိုင်းတွင် ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.