စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇူလိုင် ၃
စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူ ပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ တို့ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ(၄)ခုအနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်သည့် နည်းဥပဒေ(၂)ရပ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ နည်းဥပဒေပြဋ္ဌာန်းခြင်းဖြင့် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း များက စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေ တင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေကောက်ခံပြီး လက်ရာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်းတို့ကို အကျိုးအမြတ် အတွက် မရည်ရွယ်ဘဲ စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် လက်ရာများအား အသုံးပြုမှုများကို ကြီးကြပ်ဆောင်ရွက်ရသဖြင့် မူပိုင်ခွင့်ချိုးဖောက်ခံရမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပရှိ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများနှင့်လည်း သဘောတူညီချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပြီး မူလလက်ရာရှင်များ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေး ပိုင်ရှင်များအတွက် များစွာသောအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ လိုအပ်သည်များပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံတို့က စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
No comments