ကမ္ဘောဒီးယားနိုင်ငံ၌ ပြုပြင်နေဆဲနိုက်ကလပ်အဆောက်အဦ မီးလောင်မှုကြောင့် သေဆုံးသူ ၈ ဦးရှိလာ



ဇူလိုင် ၃

ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော်ဖနောင်ပင်တွင် ပြုပြင်နေဆဲနိုက်ကလပ်အဆောက်အဦမီးလောင်မှုကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိလာကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယမန်နေ့ကပြောကြားသည်။

မီးလောင်ထားသောနိုက်ကလပ်အဆောက်အဦအတွင်းတွင် ယမန်နေ့မနက်ပိုင်းက အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူ ရှစ်ဦးရှိလာကြောင်း၊ သေဆုံးသူရှစ်ဦးသည် ယင်းအဆောက်အဦအားပြုပြင် ဆောက်လုပ်နေသော အလုပ်သမားများဖြစ်ကြပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဆရာဝန်များ၏မှုခင်းဆေးပညာဆိုင်ရာဆေးစစ်ချက်အရ ထိုရှစ်ဦးသည် အသက်ရှုမွန်းကြပ်၍သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါအဆောက်အဦ၏အတွင်းပိုင်းပြင်ဆင်မှုလုပ်ဆောင်နေချိန်တွင် နိုက်ကလပ်၏ ငါးထပ်မြောက်အထပ်တွင် ဇူလိုင်လ ၁ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှုပေါင်း ၄၅၄ ကြိမ်ဖြစ်ပွားခဲ့ရာ ၄၂ ဦး သေဆုံးပြီး အခြား ၅၅ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.