အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုတို့ကြောင့် ၁၂ ဦး သေဆုံး

 


ဇူလိုင် ၃

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ပြီးခဲ့သည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုနှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါမိုးရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုတို့ကြောင့် ဂျမ်နာဂါခရိုင်တစ်ခုအတွင်းမှာပင် ခြောက်ဦးသေဆုံးခဲ့ပြီး အခြားသေဆုံးသူများသည် အမ်ရီလီ၊ ဘိုတတ်နှင့် အာနတ်ခရိုင်တို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောရက်များအတွင်း ဂျမ်နာဂါခရိုင်ရှိ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခဲ့ပြီး လူအများ ရေဘေးသင့်ခဲ့ရသည်။ ဒေသတွင်းအုပ်ချုပ်ရေးတာဝန်ရှိသူများက မြေနိမ့်ဒေသများမှရေဘေးသင့်သူများအား ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးရန် မှာကြားထားကြောင်း မီဒီယာကဖော်ပြထားသည်။

အိန္ဒိယမိုးလေဝသဌာန၏နောက်ဆုံးထုတ်ပြန်ခဲ့သောမိုးလေဝသခန့်မှန်းချက်အရ ဉတ္တရာခန်ပြည်နယ်တွင် ဇူလိုင် ၁ ရက်မှ ၅ ရက်အတွင်း အလွန့်အလွန်မိုးသည်းထန်စွာရွာသွန်းသွားဖွယ်ရှိသည်ဟု သိရသည်။

ဉတ္တရာခန်ပြည်နယ်တွင် လူသိများသောခရီးသွားဒေသ နိုင်နီတယ်လ်မြို့တွင် အလွန့်အလွန်မိုးကြီးမှုနှင့်ပတ်သက်ပြီး အနီရောင်သတိပေးချက်ထုတ်ပြန်ထားသည်။

ထိုဒေသများတွင် မိုးများဆက်လက်ရွာသွန်းနေသဖြင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ယာဉ်များအများအပြားပျက်စီးခဲ့ပြီး ယာဉ်အသွားအလာများပိတ်ထားဆဲဖြစ်သဖြင့် ထိုပြည်နယ်ရှိ အချို့ဒေသများတွင် ခရီးသွားများ သောင်တင်နေခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.