မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ်ပထမခြောက်လအတွင်း နိုင်ငံခြားခရီးသွား ၃၃၉၅၁၇ ဦးရောက်ရှိ
ဇူလိုင် ၅
မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ်ပထမခြောက်လအတွင်းရောက်ရှိသော နိုင်ငံခြားခရီးသွား ၃၃၉၅၁၇ ဦး ရှိကာ တစ်နှစ်ထက်တစ်နှစ် ၇၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
ဇန်နဝါရီလမှဇွန်လအတွင်း ရောက်ရှိခဲ့သောခရီးသွားများအနက် ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှခရီးသွားများ များပြားကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
မွန်ဂိုလီးယားအစိုးရက ခရီးသွားကဏ္ဍပြန်လည်ဖြစ်ထွန်းလာရန် စီမံချက်များလုပ်ဆောင်လျက်ရှိသည်။
ခရီးသွားလုပ်ငန်းရည်မှန်းချက်များအဖြစ် ဇန်နဝါရီလက နိုင်ငံပေါင်း ၃၄ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ရာ ယခုအခါ ဗီဇာကင်းလွတ်ခွင့်ပြုသည့်နိုင်ငံပေါင်း ၆၁ နိုင်ငံအထိ ရှိလာသည်ဟု သိရသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရန် မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ ကြေညာချက်ထုတ်ပြန်ထားသည်။
လာမည့်နှစ်များအတွင်း မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွား တစ်သန်းဝင်ရောက်ရန်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဝင်ငွေရရှိရန် မျှော်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments