ရှင်မဟာရဋ္ဌသာရ နှစ် ၅၅၅ နှစ်ပြည့်




မောင်လူမွှေး(မြန်မာမှု)


မြန်မာစာပေလောကတွင် ဂန္ထဝင်မြောက် ထင်ရှားခဲ့ကြသည့် ရှေးစာဆိုကြီးများအနက် အင်းဝခေတ်တွင် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ ဆရာတော်သည်လည်း တစ်ပါးအပါအဝင် ဖြစ်ပေသည်။


ထိုခေတ် ပေါ်ပေါက်ခဲ့ကြသော ကန်တော် မင်းကျောင်းဆရာတော်၊ ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ၊ ဝံတောင်လည် ဆရာတော်၊ ရှင်အဂ္ဂသမာဓိ၊ ရှင်တေဇောသာရ၊ ရှင်ဣန္ဒဂုတ္တ စသည့်စာဆိုရှင်များ၏ ပျို့စာပေများသည် တစ်တောတစ်ကြက်ဖဆိုသလို အကြောင်းအရာအလိုက် ထင်ရှားကြပါကုန်၏။ ထူးခြား ကောင်းမွန်လှကြပါပေ၏။


ထိုစာပေပညာရှင်များထဲမှ လူသိများကြသည့် ပုဂ္ဂိုလ်မှာမူ ရှင်မဟာရဋ္ဌသာရအကျော် ဆရာတော် ပင်ဖြစ်သည်ဟု ဆိုရပေမည်။


ဆရာတော်နှင့်ခေတ်ပြိုင်  ပေလေးပင် ရှင်လေးပါးအပါအဝင် ထင်ရှားတော်မူသည့် ဆရာ တော် ရှင်မဟာသီလဝံသ၏ ထေရုပ္ပတ္တိကိုရေးသောအခါ မွေးသက္ကရာဇ်ကို “ သက္ကရာဇ် ၈၁၅ နှစ်ဖွား” ဟုပင် သာမန်ဖော်ပြရလေသည်။


မှတ်တမ်းစာပေ အထောက်အထားများ


“ဆုတောင်းခန်းပျို့ကို မည်သည့်သက္ကရာဇ်၊ မည်သည့်နှစ်တွင် ရေးသားပြီးစီးကြောင်းနှင့် အမှတ်အသား ထိုပျို့နိဂုံး၌လည်း မပါမရှိ၊ သို့ရာတွင် ဒုတိယမင်းခေါင်လက်ထက်ဟု ဆိုသောကြောင့် သက္ကရာဇ် ၈၅၈ ခုနှစ်တွင် တံတားဦးတည်မင်္ဂလာ စေတီတော် မော်ကွန်း ၁၂ - ပိုဒ်ကို ရေးသားစီရင် ပြီးသည့်နောက် သက္ကရာဇ် ၈၆၀ ပြည့်နှစ်ခန့်လောက်တွင် ဖြစ်ရာသည်...” ဟု ဆရာကြီးမောင်သုတက စာဆိုတော်များအတ္ထုပ္ပတ္တိတွင် သုံးသပ်ဖော်ပြထားလေသည်။ ဆိုလိုသည်မှာ အချို့စာဆိုပုဂ္ဂိုလ်များ၏ မွေးသက္ကရာဇ်ကို တိတိကျကျမသိရဟု တင်ပြလိုရင်း ဖြစ်ပါသည်။ သို့သော် ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ မွေးနေ့သက္ကရာဇ်၊ ကျမ်းပြီးနှစ်များနှင့် ပျံလွန်တော်မူသောကာလကိုမူ မှတ်တမ်းစာပေ အထောက်အထားများကြောင့် အလွယ်တကူ သိနိုင်သည်ဟု ဆိုရပါမည်။


ထို့ကြောင့် ၅၅၅ နှစ်ပြည့်ကို မည်သည့် အထောက်အထားနှင့် ယူသည်ကို တင်ပြလိုခြင်း ဖြစ်ပါသည်။


ကိုးခန်းပျို့ အပိုဒ်- ၂ ၌-


“...တောင်ကား ပင်းယ၊ မြောက်မှ စစ်ကိုင်း၊ ရံဆိုင်းသာလှ၊ ရွှေအင်းဝ၌၊ နန်းကမြင်ထင်၊ မြို့လယ်ခွင်ဝယ်၊ သခင်ဘုရား၊ ထားသည့်သာသနာ၊ သင်္ချာအမှန်၊ နှစ်ထောင်လွန်၍၊ အစွန်မြတ်မှု၊ ဆဲ့နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ် ဝေါဟာ၊ အာသဠှာ၌၊ ပညာပွားဘို့၊ ကုသိုလ်ပို့သား၊ ငါတို့ဘွားရာ၊ ချက်မြှုပ်ရွာသည်၊ အောင်ချာပြည်ကြီး၊ နားဋောင်းတည်း(ကိုးခန်းပျို့နိဂုံး)...”

ဟု ရေးဖွဲ့ထားသည်ကို သုံးသပ်၍ သာသနာတော်နှစ် ၂၀၁၂-ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ် ရာသီဆို၍ ဝါဆိုလအာသဠှာ၌ (အဿလိဿနက္ခတ်)နှင့်ယှဉ်၍ မွေးဖွားသည်ဟု သိရပေသည်။ သာသနာတော်နှစ်ကိုသာဖော်ပြပြီး ကောဇာသက္ကရာဇ်ကိုမူ မဖော်ပြပေ။ ကရကဋ်ရာသီ အာသဠီနက္ခတ်ဟု ဆိုထား၍ အာဿလိဿနက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်ကို ရပေသည်။ ကောဇာသက္ကရာဇ်နှင့် သာသနာတော်နှစ်ကို တွက်လိုသော် “ဒွေအဋ္ဌနှင့် ဧက ဧကာ” ဆိုသည့် အတိုင်း (၂၈၁၁ ကို ပဋိလောမ = ပြောင်းပြန်၊ ၁၁၈၂ ပေါင်းရ၊ နုတ်ရလေသည်။ ၂ဝ၁၂- ၁၁၈၂ = ၈၃၀) 

ထို့ကြောင့် ကောဇာသက္ကရာဇ် ၈၃၀ ဝါဆို လပြည့် ဗုဒ္ဓဟူးနေ့ဟု အဖြေရရှိလေသည်။ 


ဆရာကြီး မြကေတုက - ပိဋကတော် ဦးယံစီရင်သော မဟာရဋ္ဌသာရ ထေရုပ္ပတ္တိကထာကို မှီး၍ ဆရာတော်၏ မွေးနေ့သက္ကရာဇ်များနှင့် စာပြီးနှစ်များကို ခွဲခြားပြသထားလေသည်။ 


“ရှင်မဟာရဋ္ဌသာရအလောင်း မောင်မောက်ကို သက္ကရာဇ် ၈၃ဝ - ဝါဆိုလပြည့်နေ့ ကရကဋ်ရာသီ အာသဠီကြိုက် ဗုဒ္ဓဟူးနေ့ နံနက်အရုဏ်တက်တွင် အင်းဝရွှေမြို့တော်အလယ်တွင် ဖွားမြင်တော်မူခဲ့ လေသည်” ဟု မွေးဖွားသက္ကရာဇ်ကို ဖော်ပြထား လေသည်။


“သို့ဆိုပါက ယခုနှစ် ၁၃၈၅ ခု (၁-၈-၂၀၂၃) ဒုတိယ ဝါဆိုလပြည့်နေ့သည် ရှင်မဟာရဋ္ဌသာရ မွေးနေ့နှစ်ပေါင်း ၅၅၅ နှစ်ပြည့်ပြီးဖြစ်သည်။”


ဆရာတော်၏ ငယ်မည်မှာ မောင်မောက် ဖြစ်သည်။ ဖခင်မှာ ဟံသာဝတီ ရာဇာဓိရာဇ်မင်း၏ သမီးတော်ရှင်စောပု၏မြေး ဓမ္မပါလဖြစ်သည်။ အမိမှာ အင်းဝမြို့တော် အဦးအစတည်သော သတိုးမင်းဖျား၏ အနွယ်တော် စောနန်း၏ (မြစ်တော်) ဖြစ်သည်။


နန်းတော်ထဲတွင် စာပေသင်ကြား


မောင်မောက်သည်  ငါးနှစ်အရွယ်ကပင် မဟာဆွေတော်မျိုးတော် မင်းသား၊ မင်းသမီးတို့နှင့် နန်းတော်ထဲတွင် စာပေသင်ကြားရလေသည်။


မောင်မောက် ၁၀ နှစ်အရွယ်ရှိသောအခါ ဖခင်ဖြစ်သူ ဓမ္မပါလအမတ်နှင့် နန်းတော်သို့ခေါ်၍ဝင်ရာ ဒုတိယမင်းခေါင်၏ သမီးတော်သုံးပါးကို နားထွင်း မင်္ဂလာသဘင် ဆင်ယင်ကျင်းပသောအခါနှင့် ကြုံကြိုက်သဖြင့် ဒုတိယမင်းခေါင်က ဓမ္မပါလ အမတ်(မောင်မောက်ဖခင်)ကို စာဆိုစေရာ သားဖြစ်သူ က ခွင့်တောင်း၍ -


အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော် 


နတ်သော်ပုံမယွင်း၊ 


အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော် 


ရွှေလှော်သွန်းပုံဆင်း၊ 


အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော် 


စန္ဒော်လနှယ်ဝင်း၊ 


ဟု ရုတ်ခြည်းစပ်ဆိုတော်မူလေသည်။


ထိုးထွင်းဉာဏ်နှင့် ပဋိဘာန်ရှိသော ထူးသောပါရမီကို လူငယ်ဘဝကပင် ပြလေတော့သည်။ ရှင်သာမဏေပြုသည့်နှစ်ကိုမူ အသက်ကာလ အတိအကျမသိရသော်လည်း နောင်တော်ရင်း ရှင်ဝရစက္ကပါလထံတွင် အခြေခံသင်ရိုးကို သင်ယူ ခဲ့ပြီး ၁၉ နှစ်အရွယ်ရောက်သောအခါ စစ်ကိုင်း သီဟိုပြန်ဆရာတော် (သီဟိုရောက်ကြီး) ထံတွင် ပိဋကတ်သုံးပုံ ၊ နိကာယ်ငါးရပ်၊ ဝေဒပညာရပ်များ သင်ကြားခဲ့ကြောင်း ရေးဖွဲ့ခဲ့သော ပျို့စာပေများမှ သိရလေသည်။


လောကီရေးရာ ရသစာပေစုများ


ဆရာတော်သည် နုပျိုစဉ်ရှင်ဘဝ၊ ဦးပဉ္စင်းငယ် ဘဝတွင် လောကီနှင့် လောကုတ္တရာကြား လွန်ဆွဲ အားကြောင့်- “ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်”အစချီ၍၊ “မျှော်လင့် ခိုးရှာလေတော့သည်(နှမလက်လျှော့နေလေတော့)” ဟူသော ရတု၊ ရွှေစက်တော်ဘုရားဖူးသွားစဉ် ချိုးမောင်နှံသီကျူးမှုက ချစ်သူဘဝအစဉ်ကို ထင်ဟပ်မှု စသည့်စာပေစုများမှာ လောကီရေးရာ ရသစာပေစုများ ဖြစ်ပေသည်။


ထိုခေတ် ထိုအခါကလည်း ဇာတ်တော်နိပါတ်တော်တို့ကို ရေးသားဟောကြားကြရာ၌ စကားပြေ စုဏ္ဏိယ ဟောစဉ်များဖြင့် ရေးသားဟောကြားကြသောခေတ်ဖြစ်လေရာ ပျို့၊ ကဗျာ၊ လင်္ကာရေးသားကြသော ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ ဆရာတော်တို့အား သဘင်သည်များနှင့် ကံကြီးကံငယ် အတူမဆောင်ဟုဆိုကာ ကန့်ကွက်ကြဉ်ဖယ် ကြသည်လည်း ကြုံတွေ့ရလေသည်။


ဆရာတော် သက်တမ်းတစ်လျှောက်တွင် တိုင်းရေးပြည်ရာနှင့် ဆက်စပ်သော မင်းများမှာ ဒုတိယဘုရင်မင်းခေါင်၊ ရွှေနန်းကျော့ရှင် ဘုရင်နရပတိ၊ ဆင်ဖြူရှင် သတိုးမင်းစော၊ ဘုရင်မင်းထွေး (ဆင်ဖြူရှင်သား)တို့နှင့် ထိတွေ့ ဆက်ဆံခဲ့ရလေသည်။


နရပတိဘုရင်၏ နန်းတော်သစ် ဆောက်တော်မူရာ ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရကိုပင့်၍ နန်းဘွဲ့မော်ကွန်း ရေးသားသီကုံးပါရန် လျှောက်ထားရာ ရှင်မဟာရဋ္ဌသာရကရေးမည်ဟု ဝန်မခံဘဲ ကျောင်းသို့ပြန်ကြွသွားလေသဖြင့် ဘုရင် နရပတိ စိတ်ခုသည်ကိုသိ၍ -


“...ပီတိပြောဟုံ၊ ထိုသို့ကုံလျက်-ရွှေဘုံပွင့်နန်း...” အစချီ မျက်ဖြေလင်္ကာသုံးပုဒ် ရေးဖွဲ့တော်မူခဲ့၏။


သက္ကရာဇ် ၈၆၇ ခုနှစ် ဆရာတော်သက်တော် ၃၇ နှစ်အရွယ် ယင်းတော်မြို့စား ငတုံးတာ၊ သျှိသျှား မြို့စားငပြည့်ဝတို့နှင့် တောင်ငူမင်း၊ ပြည်မင်းတို့ ပူးပေါင်း၍ စလေမြို့ ပုံတောင်မှ ပုန်ကန်သည်ကို အောင်နိုင်၍ ပုံတောင်နိုင်မော်ကွန်းကို စပ်ဆိုတော် မူခဲ့လေသည်။

ဤသို့ အကြောင်းအရာများကို ထုံ့ပိုင်းထုံ့ပိုင်းဖြင့် ဖော်ပြရခြင်းမှာ ဆရာတော်ရေးဖွဲ့တော်မူသော စာပေများသည် ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ် ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရ ကိုးခန်းပျို့ကဲ့သို့ ပိဋကတ်စာပေလာ လောကုတ္တရာအကြောင်းချည်း မဟုတ်ဘဲ လောကီအကြောင်းအရာများရော၊ မင်းရေး မင်းရာရော ပါဝင်မှုများကို ရေးဖွဲ့သောကြောင့် ရှေးစာပေ သုတေသီများက ဆရာတော်၏စာသည် လောကီပါလိုက်၊ လောကုတ္တရာပါလိုက် ဖြစ်နေ၍ ထန်းတက်သမားသည် ထန်းပင်ကို တက်သောအခါ ထန်းပင်နှင့်ရင်ဘတ် ပူးတုံခွာတုံဖြစ်နေသကဲ့သို့ ထန်းတက်သမား၏ ရင်ဘတ်နှင့်တူသည်ဟု တင်စားကြလေသည်။


ဆရာတော်နှင့်ခေတ်ပြိုင် ရှင်မဟာသီလဝံသ၏ ပါရာယဏဝတ္ထု၊ ဆုတောင်းခန်းပျို့၊ ပါရမီတော် ခန်းပျို့၊ သံဝေဂခန်းပျို့ စသည့်စာပေများမှာမူ လောကုတ္တရာစာပေသာများ၍ မြေကြီးနှင့် တစ်သမတ်တည်းကပ်နေသော လိပ်ရင်ဘတ်ကဲ့သို့ ဟု တင်စားကြလေသည်။


ထိုထန်းတက်သမားရင်ဘတ်ကဲ့သို့ပင် ဆရာတော်သည် လောကုတ္တရာကို ရှေးရှုသလို လောကီရေးရာများကိုလည်း မျက်ခြည်မပြတ်ခဲ့ပေ။ ထို့ကြောင့် သက်တော် ၅၆ နှစ်အရွယ်တွင် စတုဓမ္မသာရ ကိုးခန်းပျို့ကိုရေးပြီး နိဂုံးချုပ်ခါနီးတွင် တိုင်းရေး ပြည်ရာများ စိတ်မအေးဖွယ်ရာ ကြုံတွေ့လာရပုံကို လောကီရေးရာ မျက်ကွယ်မပြုခဲ့သောကြောင့် ပျို့လင်္ကာထဲတွင် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပေသည်။


ဤသို့နှင့် သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်း စလုံနှင့် ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောတို့ အင်းဝကိုတိုက်ကြရာ အင်းဝခေတ်ပျက်သုဉ်းမှုအစ ဖြစ်လေတော့သည်။


စစ်နိုင် ပြည်ဘုရင် ဆင်ဖြူရှင်က ဆရာတော်ကို ပြည်သို့ပင့်ဆောင်၍ သာသနာ့အဆောင်အယောင်နှင့် သာသနာပိုင်ခန့်ပြီး ကိုးကွယ်တော်မူလေသည်။


အင်းဝတွင် မိုးညှင်းစော်ဘွား စလုံ၏သား သိုဟန်ဘွား နန်းတက်သောအခါ ပြည်ဘုရင် ဆင်ဖြူရှင်လည်း နတ်ရွာစံတော်မူလေပြီး သားတော်ဘုရင်ထွေးက ဆက်လက်ကိုးကွယ် တော်မူ၏။


တိုင်းပြည်အနာဂတ်အရေး ရင်မအေးဖွယ်ရာ


ဆရာတော်သည် ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးပြီ ဆိုစကားသို့ ဘဝ ပတ်ဝန်းကျင် အတွေ့အကြုံများစွာ ကြွယ်ဝခဲ့ပြီ။ ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ဖူးပြီ၊ တိုင်းပြည်အနာဂတ်အရေး ရင်မအေးဖွယ်ရာကို ကြိုတင်မြင်ခဲ့ပေလိမ့်မည်။ ထင်သည့်အတိုင်းပင် “ဂ”ငယ်သုံးခု ဥသျှစ်ထုဆိုသကဲ့သို့ သက္ကရာဇ် ၈၈၈ ခုနှစ်တွင် သိုဟန်ဘွားအုပ်ချုပ်သောအခါ အနော် ရထာ စုစည်းတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံ တော်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေ တော့သည်။ ထိုအကြောင်းအရာကို ကိုးခန်းပျို့ နိဂုံးပိုဒ်ရေ - ၈ - တွင် -

“... အစွန်းငါးခု၊ ပသျှုအဋ္ဌ၊ ဒီဃသက္ကရာဇ်၊ ရောက်လစ်သောအခါ၊ တရာသီတည်း၊ ကုံတွင် ချည်းလျှင်၊ ဝေးစည်းဂြိုဟ်စု၊ ပေါင်းလုနီးနီး..”


အစချီကာ ဗေဒင်ကိန်းခန်းအရ ဘာတွေဖြစ်တော့မည်ဟု ကြိုတင်၍ ရေးခဲ့လေသည်။ တိုင်းပြည်သာယာဝပြောတည်ငြိမ်မှ ပြည်သူ အပေါင်း အေးငြိမ်းကြောင်း ဖြစ်သည်ကို လူတိုင်း လူတိုင်း(ပြည်သူများ)သိစေလိုသည်။ သို့နှင့် ပြည်မြို့သို့ ကြွရောက်သီတင်းသုံးနေစဉ် ဆင်ဖြူရှင်သား ဘုရင်ထွေးကို ဆုံးမသည့်အနေဖြင့် သံဝရပျို့ကို ရေးဖွဲ့ခဲ့လေသည်။ သံဝရပျို့ နိဂုံးပိုဒ်တွင်- 

“...တယောက်ကိုချည်း၊ ... တမတ်တည်းဖြင့်၊


ထုံးနည်းကြံရေး၊ ပေးအံ့မရည်၊ အပြည်ပြည်၌၊ မကြည်ညီနောင်၊ မင်းကုန်အောင်ကို၊ မြဲနှောင် မေတ္တာ၊ တည်စိမ့်ငှာလျှင်၊ ဤစာချစ်ကြော စပ်သတည်း...”


ဟု ရေးဖွဲ့ထားလေသည်။ ထိုသံဝရပျို့ကို-


“...သက္ကရာဇ်သင်္ချာ၊ ရှစ်ရာအစ၊ နဝအလယ်၊ နှောင်းဆွယ်ဧက၊ လ-ကား အာသဠ်၊ နေ့မှန် ဗုဒ္ဓဝါ၊ ပုဏ္ဏာပြည့်ညီ၊ တီထီဆန်းတက်၊ ဆဲ့ငါးရက်ဝယ်...”


ဟု နိဂုံးတွင် ရေးသားထားရာ သက္ကရာဇ် ၈၉၁ ခု၊ ဝါဆိုလဆန်း- ၁၅ (ဝါဆိုလပြည့်) ဗုဒ္ဓဟူးနေ့တွင် သံဝရပျို့ ပြီးတော်မူလေသည်။


ပြည်မြို့တွင် ဘုရင်မင်းထွေး နန်းစံ လေးနှစ်မြောက်၊ ၈၉၂ သီတင်းကျွတ်လဆန်း ၁၅ (လပြည့် နေ့) သက်တော် ၆၂ နှစ်၊ ရောင်နီလာချိန်တွင် ပျံလွန် တော်မူလေသည်။


ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ ပြည့်ကို မြန်မာနိုင်ငံ သုတေသနအသင်းကရော၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေးအသင်းကပါ ၁၃၃၀ ပြည့်၊ ဝါဆိုလဆန်း ၁၅ (ဝါဆိုလပြည့်နေ့)၊ ၉-၇-၁၉၆၈ စာပေါင်းစု ထုတ်ဝေခဲ့လေသည်။


ရေးသားပြုစုခဲ့သော စာပေစုများ ဆရာတော်ရေးသားပြုစုခဲ့သော စာပေစုများမှာ-


(၁) ဘူရိဒတ်လင်္ကာကြီး


(၂) ဘူရိဒတ်ဇာတ်ပေါင်းပျို့


(၃) တံတားဦးတည် မင်္ဂလာစေတီတော် မော်ကွန်း


(၄) ပုံတောင်နိုင်မော်ကွန်း


(၅) စတုဓမ္မသာရ ကိုးခန်းပျို့ 


(၆) ဂမ္ဘီသာရပျို့


(၇) ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း 


(၈) ရွှေစက်တော်သွား တောလားလင်္ကာ 


(၉) အတိုင်းမသိ အစချီ - စက်တော်ရာလင်္ကာ


(၁၀) မင်္ဂလာအောင်ပွဲတော် ရဲရည်တက်မော်ကွန်း

 

(၁၁) ရတနာပူရ မြို့တည်မော်ကွန်း 


(၁၂) မိတ္ထီလာကန်တော်ဘွဲ့ မော်ကွန်း


(၁၃) ဘုရင်မင်းခေါင်ထံသွင်း လင်္ကာများ


(၁၄) ရှင်မဟာသီလဝံသသို့ပေးလင်္ကာများ


(၁၅) ပြည်မြို့ ဝံတောင်လယ် ဘုန်းကြီးနှင့် အပြန်အလှန်ရေးကြသောရတုများ 


(၁၆) ဆုံးမစာများ (လက်သစ်တောင်တာ..အစချီ.. ဆုံးမစာ၊ သုစိပုဘာ... အစချီ ဆုံးမစာ...)


(၁၇) သံဝရပျို့


ဆရာကြီး ဦးမောင်မောင်ညွန့်၏ ပကိဏ္ဏက စာစုစာရင်းတွင် ကုက္ကုဋင်္ဂါ(ကြက်ကျမ်း) အရညဝါသီ တောမှီ အကြောင်းအရာ၊ ပုရေနိသင်ချီ အချစ်ဖွဲ့ စသည်ဖြင့် စာအမျိုးအစား ၄၅ မျိုး တွေ့ရပေသည်။ 


အသက် ၁၆ နှစ်အရွယ်တွင် ဘူရိဒတ်လင်္ကာကြီးကို စတင်ရေးသားပြီး သက်တော် ၆၁ နှစ်တွင် သံဝရပျို့ကို နောက်ဆုံး ရေးသားတော်မူခဲ့လေသည်။ ။

No comments

Powered by Blogger.