ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံး



ဇူလိုင် ၃

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ယာမာဂူချီနှင့် ကျူရှူးခရိုင်တို့တွင် ဇူလိုင် ၁ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တစ်ဦးသေဆုံးပြီး အခြား နှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ယာမာဂူချီခရိုင်တွင် ရေကြီးမှုကြောင့် မျောပါသွားသောကားတစ်စီးအတွင်း အမျိုးသားတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ကျူရှူးခရိုင်တွင် နေအိမ်တစ်လုံးမျောပါသွားရာ ကယ်ဆယ်ရေးသမားများက အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးနှင့်အဆက်အသွယ်ရရှိရန် ကြိုးစားလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုနယူးစ်သတင်းဌာနက ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာမာဂူချီခရိုင်တွင် ယာဉ်ခုနစ်စင်းနစ်မြုပ်ခဲ့သည်ကိုတွေ့ရှိရပြီး ယာဉ်မောင်းတစ်ဦး ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီက မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုတို့နှင့်ပတ်သက်ပြီး သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.