“ခံယူချက်မှန်ကန်စွာဖြင့် တာဝန်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန် (၆၀၀)ကျော်အား ကျန်းမာရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆို



နေပြည်တော် ဇူလိုင်   ၃


သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင် ဆရာဝန်အဖြစ် တာဝန် ထမ်း‌ဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက မြောက်ဥက္က လာပမြို့နယ် ဆေးတက္ကသိုလ်(၂)နှင့် မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)တို့တွင် ကျင်းပသည်။


အဆိုပါ အခမ်းအနားများသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အမှာစကားပြောကြားရာတွင် ခံယူချက်မှန်ကန်စွာဖြင့် ကြိုးစားခဲ့ပြီး အလုပ်သင်ဆရာဝန် အဖြစ်သို့ ရောက်ရှိလာသည့်အတွက် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်သည့် အတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သော ခံယူချက်၊ ယုံကြည်ချက်၊ ခိုင်မာသော စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ်ကြိုးစား အားထုတ်မှုကြောင့်သာ ယခုကဲ့သို့ အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။


တာဝန်ကျရာဒေသရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့အချိန်အထိ ဆေးပညာရှင် ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ ၉၄၉၆ ဦးနှင့် အခြေခံ ကျန်းမာရေး ပညာရှင် ၂၃၆၆ ဦးတို့ကို မွေးထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်း များကို ၁၉၆၄ ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲ့လွန် သင်တန်းအမျိုး ၁၄၀ ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း။


အလုပ်သင်ဆရာဝန် ကာလပြီးဆုံးပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက် ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်ကြသည့် လက်ထောက်ဆရာဝန်များအတွက် လုပ်သက်သတ်မှတ်ချက်မရှိဘဲ တက်ရောက်နိုင်သော ဘွဲ့လွန်သင်တန်း(၁၁)မျိုးကိုလည်း ဝင်ရောက်ဖြေဆို ခွင့်ရရှိမည်ဖြစ်သည့်အတွက် အလုပ်သင် ဆရာဝန်ကာလတစ်လျှောက် အချိန်ကိုအကျိုးရှိအောင် ကြိုးစား သွားကြရန် တိုက်တွန်းပါကြောင်း၊ နိုင်ငံတော်၏ကျေးဇူးကို ယုံကြည်ချက်၊ ခံယူချက်၊ ခိုင်ခိုင်မာမာဖြင့် ကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံသားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆရာဝန်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားသည်။


အခမ်းအနားများ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သင်ဆရာဝန်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လန်းဆန်းစာ  အတူတကွ သုံးဆောင်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး သို့ သွားရောက်ကာ အသစ်ဖွင့်လှစ်မည့် ခွဲစိတ်ခန်းများ ပြင်ဆင်ထားရှိမှု၊ အထူးကြပ်မတ် ကုသဆောင်များ၊ ကျောက်ကပ် သွေးသန့်စင်ခန်းများတွင် လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန် ပြင်ဆင်ထား ရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။


အလားတူ ဆေးတက္ကသိုလ်-မန္တလေး၊ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆာင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်-မန္တလေး၊ ဇီဝက(မန်းရတနာပုံ)ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။


ထို့အတူ ဆေးတက္ကသိုလ်-မကွေး၊ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆေးတက္ကသိုလ်-မကွေး ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်း အားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။


ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ “အလုပ်သင်ဆရာဝန် စုစုပေါင်း(၆၀၄)ဦးသည် (၂၀၂၃)ခုနှစ် ဇူလိုင်လမှစတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင် ဆရာဝန်အဖြစ် တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)

No comments

Powered by Blogger.