ခိုင်မာအားကောင်းသော ခရီးသွားကိန်းဂဏန်းများဆီသို့
မြင့်ထွေး(ဟိုတယ်/ ခရီး)
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း
မဲခေါင်ဒေသအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် ထိုင်းနိုင်ငံ၏ ကနဦးအကြံပြုချက်အရ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံတရုတ် ထိပ်သီးအစည်းအဝေး၌ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြရာ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းက “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု” လုပ်ငန်းစဉ်တည်ထောင်ရန် အဆိုပြုခဲ့မှုအပေါ် မဲခေါင်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြပြီး ဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ပြည်သူများ၏ သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှုကွာဟချက် လျှော့ချရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုအစီအစဉ် ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်သွားရန် စသည့်ရည်ရွယ် ချက်များဖြင့် စတင်အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ကူးလူးဆက်သွယ်မှု၊ ထုတ်လုပ်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်နယ်ပယ် ငါးခုဖြင့် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ထိပ်သီး အစည်းအဝေး၌ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာ လုပ်ငန်းအစီအစဉ်ကို ချမှတ်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ကျန်းမာရေး၊ ပညာရေး၊ ခရီးသွား လုပ်ငန်း၊ ယဉ်ကျေးမှု၊ အကောက်ခွန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ ဘဏ္ဍာရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ သတင်းမီဒီယာ စသောနယ်ပယ် ၁၀ ခုကိုလည်း ထပ်မံတိုးချဲ့ခဲ့သည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းပေါင်း ၉၃ ခုရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇ သန်း အထောက်အပံ့ရရှိပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍအနေ ဖြင့် The Establishment of Tourism Research Center (နေပြည်တော်) စီမံကိန်းအတွက် အထူးရန်ပုံငွေရရှိခဲ့ သဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးမှုအတွက် အခြေခံလိုအပ်သော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ခရီးသွားလုပ်ငန်း သုတေသနစင်တာ
Tourism Research Center ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနက တင်ဒါခေါ်ယူ၍ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များအား စနစ်တကျ ရွေးချယ်တာဝန်ပေးအပ်ကာ ခရီးသွားလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော Tourism Research Center အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ကျွမ်းကျင်ပညာရှင်များက ခရီးသွားသုတေသနအဖွဲ့တွင် ပါဝင်ကြသော ဝန်ထမ်းများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးနယ်ပယ်မှ ဆရာ ဆရာမများ၊ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များမှ ဝန်ထမ်းများအား သုတေသန စစ်တမ်းကောက်ယူခြင်း နည်းလမ်းများကို သင်ကြားပေးခြင်း၊ ခရီးသွားစစ်တမ်းများ လက်တွေ့ကောက်ယူရာတွင် ပါဝင်ဆောင်ရွက် ခြင်းများဖြင့် အတွေ့အကြုံများကို ရရှိစေခဲ့သည်။ အရေအတွက်ဆိုင်ရာ အချက် အလက်ကောက်ယူခြင်း နည်းလမ်းများ (Quantitative Data Collection Methods) နှင့် အရည်အသွေးဆိုင်ရာ အချက်အလက် ကောက်ယူခြင်း နည်းလမ်းများ (Qualitative Data Collection Methods) များဖြင့် စစ်တမ်း ပုံစံများ၊ မေးခွန်းများကို ပြုစုကာ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်များ၊ လေဆိပ်များ၊ ခရီးစဉ်ဒေသများ၊ ဘုရားများ၊ ဘူတာရုံများ၊ ကားဂိတ်များ၊ ဟိုတယ်များတွင် စာရင်းကောက်ယူ ခဲ့ကြသည်။
ယခင်ခရီးသွားစစ်တမ်း အတွေ့အကြုံ
ခရီးသွားစစ်တမ်းများကောက်ယူမှု နှင့်ပတ်သက်၍ လွန်ခဲ့သော ၂၀၁၄ ခုနှစ် က မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့စဉ် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံတွင် ပါရှိသော ခရီးလှည့်နှင့် ဧည့်လမ်းညွှန် ကြီးကြပ်စစ်ဆေးရေးဌာနခွဲ တာဝန်ခံ၏ အတွေ့အကြုံများကို ပြန်လည်သတိရမိသည်။
ဌာနအသစ်ဖြစ်၍ ဌာနခွဲ၏ လုပ်ငန်းတာဝန်များနှင့်အညီ ခရီးလှည့်လုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၊ စည်းကမ်းစနစ်တကျ ရှိစေရေးအတွက် အဓိကလုပ်ဆောင်ခဲ့ကြရသည်။ ဦးစီးဌာနဖွဲ့စည်းမှု စတင်ချိန်ဖြစ်၍ ခရီးသွားကုမ္ပဏီများ၏ ဧည့်သည်အဝင်အထွက် စာရင်းများ၊ ဝင်ငွေများ၊ အရှုံး/အမြတ်စာရင်းများ၊ ကုမ္ပဏီမှ အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မှု အခြေအနေများ၊ ကုမ္ပဏီမှချိတ်ဆက်ဆောင်ရွက်နေသောနိုင်ငံများ၊ ပို့ဆောင် ပေးနေသော ခရီးစဉ်လမ်းကြောင်းများ၊ ခရီးစဉ်ကြာမြင့်မှုများ၊ ခရီးသွားဧည့်သည် များ၏ သုံးစွဲကုန်ကျငွေများ၊ ဧည့်သည် ဝင်ရောက်ထွက်ခွာသည့် ဝင်ပေါက်ထွက်ပေါက်များ စသည့်ခရီးသွားဆိုင်ရာ အချက်အလက်များကို မန္တလေး၊ ရန်ကုန်မြို့များရှိ ခရီးသွားကုမ္ပဏီတစ်ခုချင်းထံသို့ သွားရောက်ကာ မျက်နှာချင်းဆိုင် လူတွေ့မေးမြန်းခြင်း၊ သုတေသန မေးခွန်းလွှာနှင့် စစ်တမ်းများကောက်ယူခြင်းဖြင့် စာရင်းအင်းကိန်းဂဏန်းများကို စုစည်းရယူခဲ့ရသည်။
ဌာနမှထုတ်ပြန်သော နှစ်စဉ်ခရီး သွားကိန်းဂဏန်းများကို ပြင်ပမှ သံသယ ရှိကြသည့်အပြင် ယုံကြည်မှုနည်းကြခြင်းကြောင့် မိမိတို့ဌာနခွဲအနေဖြင့် စာရင်းအင်းကိန်းဂဏန်းများ ကောက်ယူရေးအတွက် သီးခြားသင်တန်း တက်ရောက်ထားခြင်း မရှိသော်လည်း ပြုစုထားသော အချက်အလက် ကောက်ယူမှုပုံစံများနှင့် အတွေ့အကြုံများအရ ဟာကွက်၊ ထောက်ကွက်များ မရှိအောင် စနစ်တကျစာရင်းကောက်ယူ ပြုစုခဲ့ကြသည်။ မန္တလေးမြို့ရှိ ခရီးသွား ကုမ္ပဏီ ၇၀ ကျော်ကို ဆိုင်ကယ်တစ်စီးဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ မြို့လယ်၊ မြို့စွန်မကျန် စာရင်းကောက်ယူခဲ့ကြရာ ထိုအချိန်က မတ်၊ ဧပြီ ကာလဖြစ်၍ ပူပြင်းသော မန္တလေးနွေ၏ အပူဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
ရန်ကုန်မြို့ရှိ ခရီးသွားကုမ္ပဏီပေါင်း ၁၀၀၀ ခန့်ကို စာရင်းကောက်ယူသည့် ကာလမှာ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ ဖြစ်သည်။ ဆူးလေလမ်းမကြီးကို အလယ်မျဉ်းကြောင်းဆွဲပြီး၊ ဘယ်အခြမ်း၊ ညာအခြမ်းခွဲကာ မြို့နယ်အလိုက်၊ တစ်လမ်းဝင် တစ်လမ်းထွက် လွန်းထိုး သွား၍ ကုမ္ပဏီတစ်ခုဝင်၊ တစ်ခုထွက် စာရင်းကောက်ခဲ့ကြသည်။ တစ်ခါတစ်ရံ ကုမ္ပဏီပိုင်ရှင်များ၊ ကုမ္ပဏီမန်နေဂျာများနှင့် တွေ့ရတတ်သော်လည်း များသောအားဖြင့် ရုံးစာရေးများနှင့်သာ တွေ့ရသည်က များသည်။ ကုမ္ပဏီများတွင်ထားရှိသော စာရင်းများမှာ အမျိုးမျိုးရှိ၍ မပေးချင်ကြ။ ပေးသည့် စာရင်းအင်းများကလည်း မှန်မည်ဟုမထင်။ အခွန်ကောက်ခံရမည်ကိုလည်း တွေးပူကြတာ လည်းပါသည်။ မိမိတို့က နားလည်အောင် ရှင်းပြရသည်။ ကုမ္ပဏီ၏ ဧည့်ခန်းတွင် မထိုင်ခိုင်းဘဲ စတိုခန်းတွင် ထိုင်စောင့်ခိုင်းသည်အထိ ကုမ္ပဏီအချို့၏ ဆက်ဆံမှုများကို ကြုံတွေ့ရသည်။ သုတေသန စစ်တမ်းပါ အချက်အလက်များရရှိရေး အတွက် မျက်နှာငယ်ခဲ့ရသည်။ စစ်တမ်းမကောက်မီ အကြီးအကဲမှ ခေါ်ယူတွေ့ဆုံစဉ် မှာကြားခဲ့သည့် “ကျွေးတာမစားနှင့်၊ ပေးတာမယူနှင့်”ဟူသော အမိန့်နှင့် ကန့်သတ်ချက်က တိကျပြတ်သားသည်ဖြစ်၍ ကုမ္ပဏီမှတိုက်သောရေကိုပင် မသောက်ခဲ့။ လမ်းဘေးထမင်းဆိုင်တွင် ဝင်စားသည်။ မိုးရေထဲတွင် ထီးတစ်ချောင်း ကို တပည့်ဖြစ်သူနှင့် နှစ်ယောက်အတူ ဆောင်း၍ ကုမ္ပဏီရုံးခန်းများကို တစ်လမ်းဝင်တစ်လမ်းထွက် ရှာဖွေခဲ့ရသည်။
ဝင်ဒါမီယာ၏ လမ်းများက ဝင်္ကပါကဲ့သို့ လမ်းပျောက်မျက်စိလည်မှုကို မကြာခဏဖြစ်စေခဲ့သည်။ ခွေးလိုက်၍ ပြေးရသည်ကလည်း ရှိသေးသည်။ တံခါးခေါက်၍ အကျိုးအကြောင်း ရှင်းပြ သော်လည်း သံသယစိတ်ဖြင့် တံခါးမဖွင့်ပေးခဲ့သောကြောင့် ကုမ္ပဏီရုံးခန်းထဲ ဝင်ခွင့် မရသည်လည်းရှိခဲ့သည်။ ဓာတ်လှေကား မရှိသော ရှစ်ထပ်အဆောက်အအုံအပေါ်ဆုံးထပ်ရှိ ကုမ္ပဏီရုံးခန်းကို တက်ရောက်ရှာဖွေသော်လည်း ကုမ္ပဏီမတွေ့၍ မောဟိုက်ခြေကုန် လက်ပန်းကျကာ ပြန်ဆင်းလာရသည်လည်းရှိသည်။
မှတ်မှတ်ရရ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အငြိမ်းစားကုမ္ပဏီ ပိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံစဉ် မိမိတို့အဖွဲ့ ပင်ပန်းနေမှုကို စာနာပြီး (ဟိုတယ်ခရီးသံယောဇဉ်ကြောင့်လည်းပါသည်) နေ့လယ်စာကျွေးဖို့ စီစဉ်သည်။ မိမိတို့မှငြင်းဆိုသဖြင့် စားသောက်ရန် ငွေတချို့ပေးရာ မိမိမှ ယဉ်ကျေးစွာ ထပ်မံငြင်းဆိုသဖြင့် ကုမ္ပဏီပိုင်ရှင်မှာ မိမိတို့အပေါ် အံ့ဩသွားသည်။ မိမိမှ ကုမ္ပဏီပိုင်ရှင် အမျိုးသမီး၏ စေတနာ အား လေးစားကျေးဇူးတင်ပါကြောင်း၊ ဤသို့ငြင်းဆိုခြင်းအပေါ် စိတ်မကောင်း မဖြစ်ပါရန်နှင့် မိမိတို့အဖွဲ့အပေါ် ယခုလို မေတ္တာဖြင့်ကူညီသော်လည်း လက်မခံခြင်းကို အခြားသူများနှင့် ခရီးသွားနယ်ပယ်အတွင်း၌ သတင်းစကား ပြောကြားပေးဖို့ကိုသာ အကူအညီ တောင်းလိုပါကြောင်း ပြောကြားခဲ့ရသည်။
ဤလုပ်ငန်းစဉ်များကို မိမိနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ ရန်ကုန်တစ်ပတ် တစ်ခါ တစ်လှည့်စီ စာရင်းကောက်ယူပြီး နေပြည်တော်ပြန်လာ၊ စာရင်းပြန်ချုပ်ဖြင့် လေးလခန့်ဆောင်ရွက်ပြီး ခရီးသွား ကုမ္ပဏီ ၈၀၀ ခန့် ပြီးစီးချိန်တွင် တစ်စုံတစ်ဦး၏ညွှန်ကြားမှု (သို့မဟုတ်) သတိထောက်မှု (သို့မဟုတ်) အမြင်မသင့် တော်မှုများကို သိရှိသွားခြင်းကြောင့် လားမသိ။ ရန်ကုန်ရုံးတာဝန်ခံအား တာဝန်ပေး၍ ကျန်ရှိကုမ္ပဏီများကို အစည်းအဝေးခေါ်ယူ စာရင်းကောက်ကာ ရုံးချုပ်သို့ ပေးပို့စေသည့်စနစ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့သည်။
မည်သို့ပင်ဆိုစေ လေးလကျော်ခန့် အပင်ပန်းခံ၊ ဒုက္ခခံကာ စာရင်းကောက်ယူခဲ့သော အကျိုးကြောင့်၊ နိုင်ငံတကာ ဧည့်သည်ဝင်ရောက်မှု အခြေအနေ၊ ဧည့်သည်တစ်ဦးချင်း သုံးစွဲခဲ့သည့် ငွေကြေး၊ တည်းခိုနေထိုင်မှုကြာမြင့်ချိန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး နိုင်မှုအခြေအနေ၊ ဈေးကွက်အလိုက် ဆွဲဆောင်မှု၊ ခရီးသွားမှဝင်ငွေ၊ နိုင်ငံလိုက် ဧည့်သည်ဝင်ရောက်မှု အခြေအနေများ ပေါ်ထွက်လာခဲ့၍ (မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ) ခရီးသွားဆိုင်ရာ ကိန်းဂဏန်းများအတွက် အထောက်အပံ့ တစ်ခုဖြစ်ခဲ့ပြီး မေ့မရနိုင်ခဲ့သော အတွေ့အကြုံများလည်း ရရှိခဲ့သည်။
သို့ရာတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွဲ့စည်းပြီး တစ်နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် အဆိုပါဦးစီးဌာနကို ဖျက်သိမ်းခဲ့သဖြင့် ခရီးလှည့်နှင့် ဧည့်လမ်းညွှန် ကြီးကြပ်စစ်ဆေးရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ ကျန်ရှိသောဦးစီးဌာနရှိ ဆက်စပ်သော ဌာနခွဲတစ်ခုက ခရီးသွားကိန်းဂဏန်းများကို ဆက်လက်ပြုစုခဲ့သဖြင့် နှစ်စဉ် ခရီးသွားကိန်းဂဏန်းများကို ထုတ်ပြန် နိုင်ခဲ့သည်။
လက်ရှိဆောင်ရွက်ချက်များ
ယခုအခါ မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကြောင့် စီမံကိန်းရည်မှန်း ချက်များဖြစ်သည့် ခရီးသွားလုပ်ငန်း ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလို အားကို အချက်အလက်များ ကိန်းဂဏန်းများဖြင့် ဖော်ထုတ်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် နှစ်အလိုက် စီမံချက်များကို ပံ့ပိုးကူညီခြင်း၊ ခရီးသွားဆိုင်ရာ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခြင်း၊ အရည်အသွေး ပြည့်ဝသောအဖွဲ့တစ်ခု တည်ထောင်ခြင်း၊ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ရှိသူများအား သုတေသနပြုလုပ်ခြင်း နည်းလမ်းများကို မိတ်ဆက်ဆောင်ရွက် ပေးနိုင်ခဲ့သည်။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပညာရှင်အဖွဲ့အား တင်ဒါခေါ်ယူ ရွေးချယ် တာဝန်ပေးအပ်သည်မှ စီမံကိန်းတာဝန်ပြီးဆုံး သည်အထိ အချိန်ကာလ ခုနစ်လခန့်သာ ရရှိခဲ့သော်လည်း အဆိုပါကာလအတွင်း ပညာရှင်အဖွဲ့နှင့် သုတေသနအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် သုတေသနအဖွဲ့ တည်ထောင် ဖွဲ့စည်းနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနလက်စွဲစာအုပ် (Handbook For Tourism Research Center) နှင့် နှစ်အလိုက် သုတေသနလုပ်ငန်းစီမံချက် များပါရှိသည့် စစ်တမ်းပြက္ခဒိန် (Year Round Survey Calendar With Plan) ရေးဆွဲနိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ဝင်နှင့် ပြည်ပ ထွက်ခွာ ခရီးသွားစစ်တမ်းများ ကောက်ယူခြင်းနှင့် သုတေသနတွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခြင်းနှင့် အစီအရင်ခံစာတင်ပြနိုင်ခြင်း၊ စီမံကိန်း အလွန်ကာလတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သုတေသန စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို ခေတ်မီနည်းလမ်းများဖြစ်သော မေးခွန်း လွှာစာရွက်ဖြင့် မှတ်တမ်းတင်မေးမြန်းမှုစနစ် (Paper and Pencil Interviewing (PAPI) method) ၊ ကွန်ပျူတာ အထောက်အကူပြု တွေ့ဆုံမေးမြန်းမှု စနစ် (Computer Assisted Personal Interviewing (CAPI) method ၊ ကွန်ပျူတာအထောက်အကူပြု တယ်လီ ဖုန်းဖြင့် မေးမြန်းမှုစနစ် (Computer Aided Telephone Interview (CATI) method)၊ ကွန်ပျူတာအထောက်အကူပြု အွန်လိုင်းမှ တွေ့ဆုံမေးမြန်းမှုစနစ် (Computer Assisted Web Interview-ing (CAWI) method) များဖြင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်း၊ စီမံကိန်းရေရှည် တည်တံ့ရေးအတွက် သုတေသနဆိုင်ရာ ဗဟုသုတကြွယ်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ခြင်းတို့ကို အကျိုးရလဒ်အဖြစ် ရရှိခဲ့သည်။
ခရီးသွားကိန်းဂဏန်းများရရှိရေး
ခရီးသွားစစ်တမ်းနှင့် တွေ့ရှိချက်များအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်၊ လတ်တလောအခြေအနေအရ ထိုင်းနိုင်ငံမှ လာရောက်သည့် ခရီးသွားအရေအတွက်၊ ပျမ်းမျှနေထိုင်ရက်၊ ပျမ်းမျှအသုံးစရိတ်၊ ပြည်တွင်း၌ သုံးစွဲငွေပမာဏ၊ ဗီဇာဖြင့် ဝင်ရောက်သူဦးရေ၊ နယ်စပ်ဒေသတွင် Entry Permit ၊ Temporary Border Pass ဖြင့် ဝင်ရောက်သူဦးရေ စသည်တို့အပြင် ပြည်တွင်းခရီးသွားစစ်တမ်းအရ မြန်မာနိုင်ငံသားများ အများဆုံး သွားရောက်ခဲ့သည့်မြို့၊ ပျမ်းမျှနေထိုင် ရက်၊ တစ်ဦးတစ်ရက်ပျမ်းမျှအသုံးစရိတ် များကိုလည်းကောင်း၊ ပြည်ပခရီးသွား စစ်တမ်းအရ သွားရောက်မှုအများဆုံး နိုင်ငံ၊ သွားရောက်မှုအစီအစဉ်၊ ပျမ်းမျှ နေထိုင်ရက်၊ တစ်ဦးတစ်ရက်ပျမ်းမျှ အသုံးစရိတ် စသည့်ခိုင်မာအားကောင်းသည့် စာရင်းအင်းကိန်းဂဏန်းများကို လည်းကောင်း ရရှိခဲ့သည်။
ဤသုတေသနစစ်တမ်းများက ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်တိကျသော၊ မူဝါဒများ၊ ပန်းတိုင်များ၊ စီမံချက်များ၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရာတွင် အဓိက အခန်းကဏ္ဍမှ အထောက်အကူပြုစေမည် ဖြစ်သည်။ ထို့ပြင် ခရီးသွားသုတေသန ကျွမ်းကျင်ပညာရှင်များနှင့် သုတေသနအဖွဲ့၏ စွမ်းဆောင်မှုကြောင့် ဝန်ကြီးဌာန၏ ခရီးသွားကိန်းဂဏန်းအချက်အလက်များအပေါ် ယုံကြည်အားနည်းမှု၊ သံသယ ရှိနေမှုများကိုလည်း ပျောက်ကင်းစေခဲ့သည်။ နိုင်ငံတကာတွင် အသုံးပြု နေသောသီအိုရီများ၊ UNWTO ၏ နည်းစနစ်များ၊ စံနှုန်းများနှင့်အညီ စနစ်ကျနသော စာရင်းကောက်ယူမှုကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဗဟိုစာရင်းအဖွဲ့ကပင် ဤစီမံကိန်း၏ ရလဒ်များကို လက်ခံအသိအမှတ်ပြုကာ ရယူမှတ်တမ်းတင် အသုံးပြုသည်အထိ ခိုင်မာအားကောင်းမှုကို ဖြစ်စေခဲ့သည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသန စီမံကိန်းပြီးဆုံးချိန်တွင် စီမံကိန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်အစီအရင်ခံခြင်းကို ဆောင်ရွက်ခဲ့ရာ စီမံကိန်းတာဝန်ခံ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့က စတင်ဆောင်ရွက်သည်မှ သုတေသနအဖွဲ့လက်စွဲစာအုပ် ထွက်ပေါ်သည်အထိလည်းကောင်း၊ မြန်မာ့ခရီး သွားလုပ်ငန်းဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းအစီအရင်ခံစာ ၂၀၂၂ ထွက်ရှိ သည်အထိ လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တိုင်းအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက် ဆောင်ရွက်သင့်သည်များကိုလည်း အကြံပြုခဲ့ကြသည်။
ကျွမ်းကျင်ပညာရှင်အဖွဲ့၏ စီမံကိန်း ဆောင်ရွက်မှုများအပေါ် စီမံကိန်း ကြီးကြပ်ရေးအဖွဲ့ (Project Steering Committee) က ချီးကျူးဂုဏ်ပြုစကား ပြောကြားပြီး စီမံကိန်းကို အပြီးသတ်ခဲ့သည်။ စီမံကိန်းပိတ်ပွဲအခမ်းအနားကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ ကျေးဇူးတင်စကားပြောကြားကာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဆိုင်ရာ သုတေသနစီမံကိန်း ပိတ်ပွဲအခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့သည်။
ဤစီမံကိန်း၏ ရလဒ်များကြောင့် UNWTO ၏ Tourism Satellite Account (TSA) ကို အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန်သဖွယ်လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါစနစ်သည် ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် ပတ်သက်၍ စီးပွားရေးအရ တိုင်းတာနိုင်သည့် စံချိန်စံညွှန်းရှိသော စာရင်းအင်းအချက်အလက်မူဘောင်ဟု UNWTO က ဖွင့်ဆိုထားသဖြင့် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး Gross Domestic Product (GDP) တွင် ခရီးသွားကဏ္ဍ ပါဝင်မှုအတိုင်းအတာကို တိုင်းတာတွက်ချက်နိုင်ရန် ပံ့ပိုးပေးနိုင် မည်ဖြစ်၍ ယခုနှစ်အပါအဝင် လာမည့်နှစ်များတွင်လည်း ခိုင်မာအားကောင်းသော ခရီးသွားကိန်းဂဏန်းများကို နှစ်စဉ်စနစ်တကျ ဖော်ထုတ်နိုင်တော့ မည်ကို ကြိုတင်တွေးမိပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအဖွဲ့နှင့် စီမံကိန်းအား တာဝန်ခံဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင် ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။ ။
No comments