အင်ဒိုနီးရှားနိုင်ငံ၌ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်အလုံးပေါင်း ၁၅၀ ကျော် ပျက်စီးဆုံးရှုံး၊ နှစ်ဦးသေဆုံး
ဩဂုတ် ၂၅
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အလယ်ပိုင်းတွင် ဩဂုတ်လ ၂၃ ရက်ညပိုင်းက
မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်အလုံးပေါင်း ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း
ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
မြို့တော်သဘာဝဘေးလျော့ပါးရေးအေဂျင်စီ(
ဘီပီဘီဒီ )၏ ထုတ်ပြန်ချက်အရ မြို့တော်အလယ်ပိုင်း လူနေထူထပ်သော ဂမ်ဘာဒေသတွင် ည ၈ နာရီ
၃၀ မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါမီးလောင်မှုကို မီးသတ်ကား
၂၈ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၈၄ ဦးတို့ဖြင့် နှစ်နာရီကြာမီးငြှိမ်းသတ်မှု လုပ်ဆောင်ခဲ့ရသည်။
ထိုမီးလောင်မှုကြောင့် အသက်
၇၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၈၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး ၁၇
ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။ နေအိမ် ၁၅၂ လုံး ပျက်စီးခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်းများတွင်
နေထိုင်သူ ၂၄၀ ကျော်ရှိသည်ဟု သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းသည်
ချက်ပြုတ်ရာတွင် သတိလက်လွတ်ဖြစ်မှုကြောင့်ဟု ယူဆရသော်လည်း ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးချက်အရ
အတည်ပြုမှုမရှိသေးကြောင်း ဘီပီဘီဒီက ပြောသည်။
ကိုးကား-ဆင်ဟွာ

No comments