ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာ

 



အောက်တိုဘာ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြင့် ၁၀ ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ရာ ဇန်နဝါရီလနောက်ပိုင်း ယင်းရောဂါဖြင့် သေဆုံးသူ ၁၀၉၆ ဦးရှိလာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦး၊ စက်တင်ဘာလက ၃၉၆ ဦး နှင့် အောက်တိုဘာလက ၁၀၇ ဦးတို့သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနက ဖော်ပြထားသည်။

လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ  ၇၉၅၉၈ ဦးတွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်မှ ၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၂၈၁၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော၂၄ နာရီအတွင်း မြို့တော်ဒါကာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၄၉ ဦးအပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၆၆၀ ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၂၆၂၂၄ ဦး ရှိလာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.