နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) မှ သင်တန်းသားများအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ အားပေး
နေပြည်တော်၊ ဧပြီ ၈
နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်သည့်
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအား
ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊
နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်သရုပ်ဆောင်များက
သွားရောက်တွေ့ဆုံ အားပေးကြသည်။
မွေးရာပါတာဝန်တစ်ရပ်ဖြစ်
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး
ဦးမောင်မောင်အုန်းက မိမိအနေဖြင့် တပ်မတော်သားဘဝကို နှစ်ပေါင်းများစွာ ဖြတ်သန်း၍ ပေးအပ်သည့်
တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယနေ့အချိန်ထိ တပ်မတော်နှင့် နိုင်ငံတော်အစိုးရက ပေးအပ်သည့်
တာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးရမည့်
တာဝန်မှာ မွေးရာပါတာဝန် တစ်ရပ်ဖြစ်သည်ဟု ခံယူကြရန် လိုအပ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်တစ်ဦးရရှိမည့်
အကျိုးကျေးဇူးများအနေဖြင့် တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ
ရာထူးအဆင့်အလိုက် လစာနှင့် အခြား ခံစားခွင့်များ ရရှိမည့်အပြင် စစ်မှုထမ်းကာလနှစ်နှစ်
တာဝန်ထမ်းဆောင်ပြီးပါကလည်း နိုင်ငံတော် နှင့် ပြည်သူများက အားကိုးရပြီး ဂုဏ်သိက္ခာရှိသည့်
နိုင်ငံသားများ အဖြစ် ဆက်လက်ရပ်တည်နိုင် မည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက
နေပြည်တော် ကောင်စီအနေဖြင့် မြို့နယ် ရှစ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌
နေထိုင်ကြသည့် နိုင်ငံသားများအနက် ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများအား
လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သွား မည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးက
သင်တန်းသားများအနေဖြင့် အမိန့်နာခံတတ်ရန်၊ မိမိနိုင်ငံနှင့်လူမျိုးအပေါ်၊ မိမိအဖွဲ့အစည်းအပေါ်
သစ္စာရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် ချမှတ်ထားသည့် ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများကို
လိုက်နာရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က နေပြည်တော်ကောင်စီနယ်မြေ
အတွင်းရှိ ကျေးရွာများအတွက် MRTV DTH စလောင်း ငါးစုံနှင့် MRTV DVB - T2 Set Top Box
အလုံး ၅၀ ပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကလည်းကောင်း၊ နေပြည်တော်
တိုင်းစစ်ဌာနချုပ် အတွက် MRTV DTH စလောင်းငါးစုံနှင့် MRTV DVB - T2 Set Top Box အလုံး
၅၀ ပေးအပ်ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကလည်းကောင်း၊
သင်တန်း ကျောင်းရှိ တပ်ခွဲ (၁၁) ခွဲအတွက် MRTV DTH စလောင်း ၁၁ စုံ နှင့် MRTV DVB-T2
Set Top Box ၁၁ လုံး ပေးအပ်ရာ ခေတ္တကျောင်း အုပ်ကြီးကလည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက
နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်
အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ကံစမ်းမဲဖောက်ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ
ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ခေတ္တကျောင်းအုပ်ကြီးတို့က
အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများ အတွက် MRTV DTH စလောင်း နှစ်စုံနှင့် MRTV
DVB-T2 Set Top Box အလုံး ၃၀ တို့ကို ကံစမ်းမဲ ဖောက်၍ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် သင်တန်းသား များအား ရင်းရင်းနှီးနှီး
လိုက်လံ နှတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်



No comments