၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနား၊ အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဧပြီ ၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊
သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊
ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊
ဆရာ/ဆရာမများနှင့် ကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကင်းထောက်လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်လာစေရေးနှင့်
ပိုမိုအားကောင်းလာစေရေး၊ ကျောင်းသားလူငယ်များ၏စိတ်တွင် ဉာဏ်ပညာ အသိအလိမ္မာတိုးပွားစေရေး၊
မိမိကိုယ်ကို အားကိုးအားထားပြုနိုင်သည့်စိတ် တိုးပွားစေရေး၊ မွန်မြတ်သည့် စိတ်နေစိတ်ထား
ရရှိစေရေးနှင့် တာဝန်သိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး စသည့် အလေ့အကျင့်ကောင်းများ
ရရှိအောင် ကင်းထောက်လူငယ်သင်တန်းကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏
အကျင့်စာရိတ္တမြင့်မားရေးအတွက် များစွာအထောက်အကူပြုပြီး သူတစ်ပါးကို ကူညီစောင့်ရှောက်ခြင်း၊
အချင်းချင်းရင်းနှီးချစ်ကြည်မှု၊ စုပေါင်းဆောင်ရွက်တတ်မှုများကိုလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း၊
ကင်းထောက်လူငယ်များအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့် ပညာရပ်များကို သေချာစွာ လေ့လာမှတ်သားပြီး
မိမိတို့ကျောင်း၊ မိမိတို့ရပ်ရွာကို ပြန်လည်အကျိုးပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက
လူငယ်ကင်းထောက်သင်တန်းများအတွက် ထောက်ပံ့ငွေ ကျပ် ၂၃၇၉၂၀၀၀ ကိုလည်းကောင်း၊ ကင်းထောက်နည်းပြသင်တန်း
(TOT) နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသည့် နည်းပြခြောက်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊
ကင်းထောက်လူငယ် နည်းပြဆရာမ(၄၀)ကို သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ မြို့နယ်အဆင့်
ကင်းထောက်လူငယ် သင်တန်းမှ သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း
ပေးအပ်ကြသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကင်းထောက်လူငယ်
သင်တန်းသား/ သင်တန်းသူများက ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည့် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အား
ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုမှာကြားသည်။
မြို့နယ်အဆင့် ကင်းထောက်လူငယ် သင်တန်းများကို နေပြည်တော်အတွင်းရှိ မြို့နယ်
ရှစ်မြို့နယ်မှ တစ်မြို့နယ်လျှင် ကင်းထောက်လူငယ် ၅၀ နှုန်းဖြင့် စုစုပေါင်း ကင်းထောက်လူငယ်
သင်တန်းသား/ သင်တန်းသူ ၄၀၀ တို့ကို ကင်းထောက်နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း
သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌
နေပြည်တော်ကောင်စီနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့်
အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သို့ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်များအနေဖြင့် မိမိတို့၏ ဘဝရည်မှန်းချက်
အကောင်အထည်ဖော်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်ပြီး IT နည်းပညာများ၊
အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင်
ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့်
ကျောင်းသား/ ကျောင်းသူများကို စာရေးကိရိယာများနှင့် အာဟာရမုန့်များ ပေးအပ်သည်။
အဆိုပါ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ
ဖွင့်လှစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments