စေတနာလုပ်အားအစွမ်းဖြင့် စာတတ်မြောက်ရေးရည်မှန်းချက် အောင်မြင်ရမည်
နိုင်ငံအတွင်း ဒေသအနှံ့အပြားတို့တွင်
အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့်
ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာ ကြစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ
အခြေခံစာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်ပွဲများ၊ စာသင်ဝိုင်းဖွင့်ပွဲများဖြင့် တက်ကြွလှုပ်ရှား
စည်ကားနေသည့်နွေမှာ အပူရှိန်များ မြင့်မားနေသည့်တိုင် စေတနာအလှတရားတို့ ဝေဝေဆာဆာဖြင့်
လှပနေသည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက်
စာသင်ဝိုင်းများ ထောင်နှင့်ချီ၍ရှိသလို စာသင်သားဦးရေ မှာလည်း သောင်းနှင့်ချီ၍ ရှိနေကြသည်။
စာသင်သားများကို အခြေခံအရေး၊ အဖတ်၊ အတွက်အချက် သင်ကြားပြသပေးကြမည့်သူများမှာ တက္ကသိုလ်၊
ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ
စေတနာ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူများပင် ဖြစ်သည်။ အခြေခံ စာတတ်မြောက်ရေး သင်ကြားပေးရာတွင်
စာသင်သားများအနက် လုံးဝစာမတတ်သူများနှင့် အနည်းအကျဉ်း ရေးတတ်၊ ဖတ်တတ်သူများ ဟူ၍ ရှိနေရာ
လုံးဝစာမတတ်သူများကို စာတတ်သွားစေရန်၊ အနည်းအကျဉ်း ရေးတတ်၊ ဖတ်တတ်သူများကို ပိုမိုတတ်မြောက်သွားစေရန်၊
ပိုမိုကျွမ်းကျင်သွားစေရန် စေတနာဆရာ၊ ဆရာမများက ပံ့ပိုးကူညီ လမ်းညွှန်သင်ကြားပြသပေးကြမည်ဖြစ်သည်။
အခြေခံစာတတ်မြောက်ရေး သင်ကြားပေးရာတွင်
စာသင်သားတို့အနေဖြင့် ပျမ်းမျှတစ်ရက်လျှင် စာသင်ချိန်သုံးနာရီနှုန်းဖြင့် ရက်ပေါင်း
၄၀ အနည်းဆုံးစာသင်ချိန်နာရီ စုစုပေါင်း ၁၂၀ ကို မဖြစ်မနေ သင်ယူကြလျှင် မြန်မာစာအရေး၊
အဖတ်နှင့် အခြေခံသင်္ချာ အတွက်အချက်တို့ တတ်မြောက်လာကြမည် ဖြစ်သည်။ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းတွင်
အရေး၊ အဖတ်၊ အတွက်အချက်တို့သာမက နိုင်ငံသားကောင်းဖြစ်လာရေး၊ လူမှုဘဝမြင့်မားရေးတို့ကိုလည်း
အသိပညာပေးသွားမည်ဖြစ်ရာ စာသင်သားတို့အတွက်သာမက နိုင်ငံအတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေမည်
ဖြစ်သည်။ ထူးခြားချက် မှာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများတွင် ခေတ်နှင့်အညီ နည်းပညာအသုံးပြုမှုလည်း
ပါရှိလာပြီ ဖြစ်ရာ စာသင်သားကိုယ်တိုင် လေ့လာသင်ယူနိုင်ရေး၊ သင်ယူတတ်မြောက်မှု လွယ်ကူလျင်မြန်ရေး၊
စဉ်ဆက်မပြတ် လေ့လာသင်ယူရေးတို့အတွက် ကြီးမားသည့်အထောက်အကူကို ရရှိစေသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏
နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သည့် Mobile App; သည် “ဝ၊ ထ၊ က၊ လ၊ သ” အဆင့်မှ
“အသုံးလုံးကျေ” အဆင့်အထိ စာသင်သားကိုယ်တိုင် လေ့လာ သင်ယူနိုင်မည် ဖြစ်ရာ စေတနာ့ဝန်ထမ်း
ဆရာ၊ ဆရာမများက စာသင်ဝိုင်းရှိ စာသင်သားများကို Mobile App; အသုံးပြုနည်း သင်ကြားပြသပေးခြင်းဖြင့်
သင်ယူတတ်မြောက်မှု လွယ်ကူလျင်မြန် စေမည်ဖြစ်သည်။ အခြေခံစာတတ်မြောက်ရေး အရေး၊ အဖတ်၊
အတွက်အချက်များ သင်ယူတတ်မြောက်ပြီးပါက ပွဲပြီးမီးသေသွားမည်မဟုတ်ဘဲ စဉ်ဆက်ပညာရေးအစီအစဉ်ရှိနေသည်။
သင်ယူ တတ်မြောက်ပြီးသည့် အရေး၊ အဖတ်၊ အတွက်အချက်တို့ မေ့လျော့ပျောက်ကွယ်မသွားစေဘဲ စာသင်သားတို့၏
လူမှုစီးပွားဘဝ မြင့်မားရေးကိုပါ အထောက်အကူပြုစေရန် စာဖတ်ရှိန် မြှင့်တင်ရေး အစီအစဉ်၊
ဝင်ငွေတိုးပွားရေး အစီအစဉ်များ၊ ဘဝသာယာရေးအစီအစဉ်များကိုပါ ဆက်လက်သင်ယူကြရမှာဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက်
စာမတတ်သူ ပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေရာ လွန်စွာပမာဏကြီးမားလျက် ရှိသည့်အတွက် အခြေခံ
စာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန် မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်နေကြရဦးမည် ဖြစ်သည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် စာသင်သားတစ်ဦးချင်းစီအတွက်သာမက ၎င်းတို့၏ မိသားစုများ၊
ရပ်ရွာဝန်းကျင်နှင့် နိုင်ငံတော် အတွက်ပါ ကောင်းကျိုးရလဒ်များ ဖြစ်ထွန်းစေသည့်အလျောက်
ပါဝင်သင်ကြားပြသသူ စေတနာ ဆရာ၊ ဆရာမများနှင့် ပံ့ပိုးပါဝင်ကူညီသူအပေါင်းတို့၏ ကိုယ်စွမ်း၊
ဉာဏ်စွမ်း၊ လုံ့လဝီရိယ နှင့် စေတနာ လုပ်အားအစွမ်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေး ရည်မှန်းချက်
အောင်မြင်ရမည်မလွဲဟု ဝမ်းမြောက် ဧကန် ယုံကြည်မိပါကြောင်း။ ။
မြန်မာ့အလင်း

No comments