ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးအခမ်းအနား တက်ရောက်ဟောပြော
နေပြည်တော် ဧပြီ ၉
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်း ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် အလို့ငှာ နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန်နှင့် စစ်ပညာသင်ကြားရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ်နိုင်ငံ တည်း၌သာ ပြဌာန်းခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အများအပြား၌ ပြဌာန်းကျင့်သုံးလျက် ရှိပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်း ကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်း များသိရှိရန် ရှင်းလင်းချပြသွားမည် ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့်မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ် စေရေး ဥပဒေပါအချက်အလက်များ၊ ပြဌာန်းချက်များကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိရန်လိုအပ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အခြေအနေကို နည်းအမျိုးမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေပြီး နှောင့်ယှက်ဆောင်ရွက်ခြင်းများရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါကြောင်း၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ကင်းလွတ်ခွင့် ပြုသူများ၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများ၊ လျော့ပေါ့ခွင့်ပြုနိုင်သူများ၏ စည်းကမ်းသတ်မှတ်ချက် နောက်ဆုံးအခြေ အနေကို ပြည်သူများသိရှိအောင် သတင်းစာများတွင် ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဌာန်းထားသည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက် များကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိ လိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေး ခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments