ကိုယ့်အတွက်လည်းချန် အများအတွက်လည်းကျန်ပါစေ
မိုးကေနိုင်
လူ့အဖွဲ့အစည်းမှာ တရားမဝင်သောလုပ်ငန်း၊
ခွင့်မပြုသောလုပ်ငန်းဟူသည် မရှိစကောင်းပါ။ တရားမဝင်သည်ကို တရားဝင်အောင်လုပ်ရမည်သာဖြစ်သည်။
အထူးသဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့စရိုက်နယ်ပယ်တွင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ
ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို မလေးမစားပျက်ရယ်ပြုဖောက်ဖျက်သော ကျူးလွန်မှုများကြောင့်
မြန်မာတို့၏တန်ဖိုး ကျဆင်းရသည့်မြင်ကွင်းများ တွေ့မြင်နေရသည်။
အထူးသဖြင့် အွန်လိုင်းရုပ်ရှင်
ဗီဒီယိုနယ်ပယ်မှာ ဖြစ်သည်။ ရုပ်ရှင်ရုံမှာပြသနေသည့် ရုပ်ရှင်ကားများက ဆင်ဆာနှင့်ဆိုသော်လည်း
ဆိုရှယ်မီဒီယာမှတစ်ဆင့် application ၊
facebook ၊
telegram ၊
YouTube ၊
viber အွန်လိုင်းများမှ ချန်နယ်အမျိုးမျိုးဖြင့် ထုတ်လွှင့်ပြသနေသည့် အချို့ရုပ်ရှင်ဗီဒီယိုများကတော့
ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းနှင့် မည်သို့မှ မဆီလျော်၊ လက်မခံနိုင် မသင့်လျော်သော ပြကွင်းပြကွက်များဖြစ်နေသည်ကို
လူယဉ်ကျေးအများစုက သတိပြုမိလာကြပြီ ဖြစ်သည်။
အမိန့်သုံးရပ်
လုပ်ငန်းသုံးမျိုး
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး
ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ကိုင်ခွင့်အမိန့်သုံးခုကို ပြန်ကြားရေးဝန်ကြီးဌာနက
ဥပဒေများနှင့်အညီ ထုတ်ပြန်လိုက်ခြင်းဖြင့်
ဆိုးဆိုးရွားရွား ဖြစ်လာနေသည့် မြန်မာ့ယဉ်ကျေးမှုကို စည်းကမ်းများနှင့်အညီ ထိန်းချုပ်၍
ထိုအခြေအနေဆိုးများကို ရပ်တန့်ပယ်ရှားနိုင်တော့မည်ဖြစ်သည်။ အမိန့်အရ ဆက်သွယ်ရေး ကွန်ရက်အသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊
ရုပ်ရှင်ဆိုင်ရာအက်ပလီကေးရှင်းများမှတစ်ဆင့် လွှင့်တင်ခြင်း၊ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းများအား
အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့်
အားနည်းချက်လိုအပ်ချက်များကို ထိန်းသိမ်းစောင့်ရှောက် ပြုပြင်၍ စနစ်တကျ ကြီးကြပ်တည့်မတ်ပေးနိုင်တော့
မည်ဖြစ်သည်။
တရားဝင် အသိအမှတ်ပြုပေးနိုင်သည့်အခါ
နိုင်ငံတော်ကရသင့်ရထိုက်သည့် အခွင့်အရေးများလည်း မဆုံးရှုံးတော့။ အတိုင်းအတာတစ်ခုအထိ
စနစ်တကျရှိသွားပြီး ရသင့်ရထိုက်သည့် အခွန်ငွေကြေးလည်း ထပ်မံမဆုံးရှုံးရအောင် အကာအကွယ်ပြုပေးနိုင်တော့မည်ဟု
ယူဆသည်။ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာလျှင်လည်း ထိထိရောက်ရောက် အရေးယူနိုင်တော့မည်
ဖြစ်သည်၊၊ စနစ်တကျအလုပ်လုပ်သူများအတွက်လည်း ဥပဒေအတိုင်း အကာအကွယ်ရယူနိုင်တော့မည်ဖြစ်သလို
ကိုယ့်လုပ်ဖော်ကိုင်ဖက်များကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ ထိန်းချုပ်
ချုပ်ကိုင်ရန်ချည်းပဲမဟုတ်၊ အကာအကွယ်ပေးရန်လည်း ရည်ရွယ်သည်ကို တွေ့ရသည်။ နိုင်ငံသားများ၏
အကျိုးစီးပွားများ မထိခိုက်ရလေအောင် ကန့်သတ်တားဆီးမှုများစွာ ဆောင်ရွက်ပေးနိုင်မည်ဟု
ယုံကြည်ပါသည်။
ယဉ်ကျေးမှုကိုယ်ခံအား
ဘာကြောင့်နည်းလာရသလဲ
ပြောရလျှင် အစဉ်အလာကောင်း
များစွာရှိခဲ့သော မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့စရိုက်ဟူသည် ဆုတ်ယုတ်ပျက်စီးစပြုလာသည်မှာကြာ
ပြီဖြစ်သည်။ အထူးသဖြင့် လူတစ်ဦးချင်း နိုင်ငံသားအခွင့်အရေး လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်
လစ်ဘရယ်အယူများအောက်မှာ ပို၍ဆိုးရွားသွားသည်။ မရင့်ကျက်၊ မလေ့လာ၊ ကိုယ့်ယဉ်ကျေးမှုကို
အထင်သေးတာလည်းပါသည်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်ကြား၊ မိတ်ဆွေအချင်းချင်းကြား အပြန်အလှန်ယုံကြည်မှု
အပြန်အလှန်နားလည်မှုကို အခြေခံသည့် ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိလာသည်။
အမှန်မှာ မိမိတို့ယဉ်ကျေးမှုသည်
ရှေးပဝေသဏီ အဆက်ဆက်ကပင် ထွန်းကားကြီးကျယ်ခဲ့သည်ကို ယနေ့မြန်မာ့လူငယ်တွေ မေ့လျော့နေကြသည်။
တန်ဖိုးကြီးမားသော မြန်မာ့ရိုးရာယဉ်ကျေးမှုကို အထင်မကြီးကြ၊ ယဉ်ကျေးမှုကိုယ်ခံအားနည်းသော
မြန်မာလူငယ်များက ပြောသမျှယုံ၊ ပြသမျှအဟုတ် ထင်၊ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပြီး အတုခိုးမှား၊
လမ်းလွဲလိုက်မိကြသည်။ ထိုအခြေအနေများသည် မြန်မာ့လူငယ်များ၏ ယုံကြည်လက်ခံမှုချည်းကြောင့်လည်း
မဟုတ်ပါ။
အချို့အနုပညာ အဖျက်သမားများကြောင့်လည်းပါသည်၊
အချို့ကစီးပွားတွက်တွက် ငွေကြေးနောက်လိုက်သည့် လောဘရမ္မက်အတ္တများခြင်းကြောင့်လည်းကောင်း၊
အချို့က မြန်မာ့ယဉ်ကျေးမှုကို ခေတ်နှင့်အညီ တိုးတက်ခေတ်မီစေလို၍ လည်းကောင်း၊ အချို့က
ရည်ရွယ်ချက်ရှိရှိ မြန်မာ့ ယဉ်ကျေးမှုကို တမင်ဖျက်ဆီးလို၍ လည်းကောင်း၊ အချို့က နိုင်ငံဖွံ့ဖြိုးရေးမှာ
အရေးပါသည့် အနာဂတ် လူငယ်မျိုးဆက်၏စိတ်ဓာတ်ကို ရိုက်ချိုးပြီး နိုင်ငံ တည်တံ့ရေးမှာ
အခြေခံကျသော အနုသုခုမ ယဉ်ကျေးမှုနှင့် ဘာသာတရားကို ဖျက်ဆီး၍ နိုင်ငံအလုံးစုံပျက်သုဉ်းရန်အထိ
ရည်ရွယ်ချက်တွေပါသည်ကို တွေ့နိုင်သည်။
လက်တွေ့မြင်သိကြားသိနေရသည်များ
ယခုလို အနေအထားကို အထောက်အထား
များစွာနှင့်သက်သေပြနိုင်ပါသည်။ ယနေ့ ပြသနေ သော ဖျော်ဖြေရေးအက်ပလီကေးရှင်းများကို သတိထားလေ့လာကြည့်ပါ။
ရက်ရက်စက်စက် သတ်ဖြတ်မှုများဖြင့် လူသတ်ကားများစွာကို ကြည့်ရှုရလိမ့်မည်။ ထစ်ခနဲရှိ
သတ်မယ်ဖြတ်မယ် ဆိုတာချည်း ဖြစ်သည်၊၊ လူတွေမှာ သနားညှာတာစိတ် မရှိတော့။ သည်းညည်းခံမှု၊
ကိုယ်ချင်းစာမှုမရှိ။ သူရသူယူ၊ ကိုယ်ရကိုယ်ယူ အတ္တဇောင်းပေး၊ ကိုယ်သာအမှန် သူအမှား၊
ကိုယ်မှန်ရင် လက်ဦးမှုယူ ရက်စက်ကြမ်းကြုတ်သောကားများ အပြများလာသည်။
ရန်လိုမှု၊ ပဋိပက္ခနှင့်
အမုန်းအာဃာတ အကြမ်းဖက်အားပေးဇာတ်ကားများကို ကြည့်မိသူ ယနေ့လူငယ်တွေမှာ လူမိုက်ဇာတ်အသွင်းခံလိုက်ရပြီး
လမ်းမှားလိုက်မိတတ်ကြသည်။ မသိမသာ ဘာသာတရားမှာ တိမ်းညွတ်မှားအောင် ပြသလေသလား ထင်မှားစရာ
နိုင်ငံခြားရုပ်ရှင်ကားတချို့ တွေ့မိသည်။ လူမျိုးရေးအခြေခံနှိမ့်ချသည့် ဗီဒီယိုကား
အချို့လည်း မကြာခဏကြည့်မိသည်။ မြန်မာအပါအဝင် အချို့နိုင်ငံတွေကို နှိမ့်ချစော်ကားပုတ်ခတ်သရော်သော
နိုင်ငံတကာက အထင်အမြင်မှားလောက်သည့် ရုပ်ရှင်မျိုးတွေလည်းရှိသည်။
မောင်နှင့်နှမ၊ သားနှင့်အမိ
ကြည့်ရှုရန်မသင့်သည့် လိင်အသားပေးရုပ်ရှင်ကားများသည် မြန်မာ့ ယဉ်ကျေးမှုနှင့် ဆီလျော်အပ်စပ်မှု
မရှိနိုင်ပါ။ အိမ်ထောင်ရေးအရှုပ်အရှင်းကင်းသည့် မြန်မာရုပ်ရှင်ဇာတ်ကားဟူ၍ မရှိသလောက်နည်းလာသည်၊၊
မပီဝိုးတဝါးလိင်မှုပြကွက်တွေကို လင်လု/ မယားခိုး၊ ချစ်ကြိုက်ကွဲညား အိမ်ထောင်ရေးဇာတ်ရှုပ်များနှင့်
ရောထွေးလိုက်သည့်အခါ ယနေ့လူငယ်များကို အကျင့်စာရိတ္တများပျက်ပြားရန် အားပေးသလိုဖြစ်သွားသည်ကို
သတိထားမိသူ အလွန်နည်းလှသည်။ ယောကျ်ားပီသသူတို့၏ ကိုယ်ရည်ကိုယ်သွေးကို နှိမ့်ချစော်ကားသည့်
ဂေးအသားပေးကားတွေ များလာသည်ကို သတိထားမိသည်။
LGBT ကို အယူလွဲပြီး ဂေးအားပေးသည့်
ခွဲခြားဇာတ်လမ်းတွေကို ပေါကြောင်ကြောင်ရိုက်ပြလာ ကြသည်။ အက်ပလီကေးရှင်းဗီဒီယိုအချို့မှာ
ဖိလစ်ပိုင်ဂေးကားတွေ လွှမ်းမိုးလာသည်ကို သတိထားမိသည်။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း၊
မူးယစ်ဆေးဝါး စသည်မကောင်းသည့် အမူအကျင့်တွေ မသိမသာနေရာယူလာသည်။ လူတစ်ဖက်သားကို ထိခိုက်နာကျင်စေသည့်
ဇာတ်လမ်းမျိုးတွေများလာသည်။ မြန်မာအမျိုးသားကောင်း၊ အမျိုးသမီးကောင်းတို့၏ လက်ရုံးရည်
နှလုံးရည်နှင့် ဇာတိမာန်ကို နှိမ့်ချစော်ကားခြင်းကို မလိုလားသူများစွာရှိနေသည်ကို သတိပြုရမည်
ဖြစ်သည်။
ဖျော်ဖြေရန်အပြင်
ပညာပေးရန်ပါ
ယနေ့ရုပ်ရှင်လောကသားများအနေဖြင့်
မိမိတို့ဖန်တီးထားသော အနုပညာလက်ရာများကို အရည်အသွေး မီ / မမီ၊ အဆင့်အတန်း ရှိ / မရှိ
နိုင်ငံတကာမှာ ရဲရဲဝံ့ဝံ့ချပြရဲရဲ့လား၊ မိမိကိုယ်မိမိ ဆန်းစစ်ကြည့်စေလိုသည်။ ပရိသတ်ရင်ထဲ
ရောက်ဖို့ဆိုတာက ကြည့်ရှုသူ ပရိသတ်ကိုယ်တိုင်ကရော ဖန်တီးသူအပါအဝင် သရုပ်ဆောင်များမှာပါ
အတွေးအခေါ် မြင့်မားဖို့လိုသည်။ ခေတ်စနစ် လိုအပ်ချက်အရ ပညာပေးဇာတ်လမ်းများကို ပို၍ရိုက်ကူးသင့်ကြ
သည်။
ရုပ်ရှင်လုပ်ငန်းဆိုသည်မှာ
ထုတ်လုပ်သူကရော အနုပညာရှင်ဘက်ကပါ စီးပွားတွက်တွက်ရမည်ဆိုသည်မှာ မှန်ပါသည်။ ဖျော်ဖြေမှုသည်အဓိကကျသော်လည်း
ပညာပေးသည့် ဖျော်ဖြေရေးဆိုလျှင် နတ်လူသာဓု ခေါ်ကြပါလိမ့်မည်။ ဆိုလိုသည်မှာ
business နှင့်အတူ edutainment အဖြစ် ဖန်တီးမှုကောင်းစေလိုသည့် စေတနာပါရမည်ကိုဆိုခြင်း
ဖြစ်သည်။ ယခုကာလသည် ပရိသတ်ထုကြီး အထူးသဖြင့် လူငယ်ထုအတွက် နည်းမှန်လမ်းမှန်ဖြစ်ရန်
အလွန်လိုအပ်နေသောကာလ ဖြစ်သည်။ ကြည့်ရှုသူများတွင် အပန်းလည်း ပြေစေရန်အပြင် အကျိုးလည်းရှိ
တစ်ခုခုလည်းကျန်စေချင်သည်။
မိမိဖန်တီးလိုက်သော အနုပညာတစ်ခုကြောင့်
လူတွေမှာ ကိုယ်ကျင့်သိက္ခာမြင့်လာမည်၊ mindset ပြောင်းပြီး နိုင်ငံကြီးသားပီသလာသည်ဆိုလျှင်
မကောင်းပေဘူးလား... ယခင်လေးစားရသော အနုပညာရှင်ကြီးများသည် သမိုင်းဝင်အမွေအနှစ်များကို
အစဉ်အဆက်ဖော်ထုတ်ခဲ့ကြသော်လည်း ယခုနှစ်များ နှောင်းပိုင်းမှာ သင်္ကြန်ကဲ့သို့သော ရာသီအလိုက်
ရိုးရာအမွေအနှစ်ကိုပင် ဆက်လက်ဖော် ထုတ်နိုင်စွမ်းမရှိတော့သည်ကို ဝမ်းနည်းဖွယ် တွေ့မြင်လာရသည်။
ယဉ်ကျေးသိမ်မွေ့သော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝအလှအပများကို
ဖော်ထုတ်ရန် အတော်ခက်ခဲနေပြီဖြစ်သလို ရိုးသား သော မြန်မာ့ယဉ်ကျေးမှုနှင့် လေးစားဖွယ်အလှအပများကို
နိုင်ငံတကာကသိအောင် အဘယ်ကဲ့သို့ ဆွဲဆောင်နိုင်ကြတော့မည်နည်း။
နမူနာအတုယူစရာ
နိုင်ငံခြားဇာတ်လမ်းများ
ယခုလိုကာလမှာ လူ့ကျင့်ဝတ်ကို
ဖော်ညွှန်းသောဇာတ်ကားများစွာကို ဖန်တီးသင့်ပါပြီ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာတတ်အောင်
ပညာပေးသင့်သည်။ လူတွေပညာတတ်အောင်၊ သမ္မာအာဇီဝဖြင့် ချမ်းသာအောင်၊ နိုင်ငံတိုးတက် အောင်
ကြိုးစားရုန်းကန်ရပုံများကို အတုယူတတ် အောင် ဖန်တီးပြုလုပ်သင့်သည်။ ဥပမာ- နိုင်ငံရေး၊
စစ်ရေးမှာ တိုင်းပြည်တစ်ပြည် ထူထောင်ရတာ၊ တည်ထောင်ပြီး တိုင်းပြည်တစ်ပြည်ကို မပြိုကွဲ
အောင် ကာကွယ်စောင့်ရှောက်ရတာ ဘယ်လောက် ခဲယဉ်းသလဲ၊ ဘယ်လိုတွေအသက်ပေးကြရသလဲ၊ ယခုနှစ်အတွင်း
ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းမှာ ပြသနေသည့် ကိုရီးယားဇာတ်လမ်းတွဲ ဂိုယော- ဂိုရန်စစ်ပွဲ
ဇာတ်ကားကဲ့သို့သော မျိုးချစ်စိတ် နိုင်ငံချစ်စိတ်အခြေခံ သမိုင်းဝင်ပညာပေးဇာတ်ကား ကောင်းများကို
အတုယူ၍ ရိုက်ကူးထုတ်လုပ်သင့်ပါသည်။
ကိုရီးယားဇာတ်လမ်းအများစုမှာ
ဗီလိန်အဖြစ်၊ ရက်စက်တတ်သူအဖြစ် သူ့နေရာနှင့်သူ သရုပ် ဆောင်ကြသော်လည်း ယုတ်မာမှုကို
ဖော်ပြရန်ဝန်လေးတတ်ကြသည်ကို တွေ့ရသည်။ လူကြမ်းအဖြစ် သရုပ်ဆောင်ရသော်လည်း သစ္စာရှိမှုနှင့်
ယုတ်မာမှုကို ခွဲခြားပြသနိုင်စွမ်းရှိသည်။ ဘယ်လောက် ဆိုးသွမ်းပါစေ၊ အားနည်းသူကို ကူညီရမယ်မှန်းသိအောင်
ပညာပေးတတ်ကြသည်။ ထိုနည်းတူ အိန္ဒိယဇာတ်ကားများအနက် ပညာပေး ဇာတ်ကားကောင်းအချို့ကိုလည်း
ကြည့်ဖူးပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သော
အိမ်သာတစ်လုံး၏ တန်ဖိုး၊ သားဆက်ခြားနှင့် လိင် ကူးစက်ရောဂါများ မဖြစ်အောင် ကျန်းမာရေးပညာပေးသောဇာတ်ကားများသည်
အိန္ဒိယလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး မှာ ကြီးစွာအထောက်အကူပြုခဲ့သည်ဟု မြင်မိပါသည်။
တစ်ခါတစ်ရံ အိန္ဒိယဇာတ်ကားများမှာ သူတို့ လူမျိုး၏ စိတ်ဓာတ်ထက်သန်မာကြောမှုကို တွေ့ရတတ်သည်။
လူ့အဖွဲ့အစည်း၏တာဝန်ကို ခက်ခက် ခဲခဲထမ်းရွက်ကြသည့် အမှားအမှန် ခွဲခြားနိုင်စွမ်းရှိသည့်
အမှန်တရားဘက်တော်သား သတ္တိခဲများစွာ ရှိကြောင်း ပြသနိုင်သည်။ မြန်မာ့ရုပ်ရှင်ဗီဒီယို
လောကတွင်မူ ယခင်က ပညာပေးဇာတ်လမ်းကောင်းများ ပေါ်ထွက်ခဲ့ဖူးသော်လည်း ယခုကာလတွင်မူ နည်းပါးစပြုလာသည်ကို
သတိထားမိသည်။ မြန်မာပညာပေး ဇာတ်ကားကောင်းများကို စောင့်မျှော်နေသူ ပြည်သူများစွာရှိသဖြင့်
ယခုလို ထောက်ပြ တောင်းဆိုခြင်းသာဖြစ်ပါသည်။
ယေဘုယျခြုံကြည့်လျှင် မြန်မာ့လူ့အဖွဲ့
အစည်းသည် အတွေးအခေါ်ပိုင်း၊ အမူအကျင့်ပိုင်း မြင့်မားဖို့ရန် ပြုပြင်ရန် များစွာလိုအပ်နေသည့်
အခြေအနေရောက်နေသည်။ အနာဂတ်မျိုးဆက်များအား ဦးဆောင်မှုကောင်းပေးရမည်မှာ ယနေ့လူကြီးများ၏
တာဝန်ဖြစ်သလို ယနေ့လူငယ်များ အနေဖြင့်လည်း ဆင်ခြင်တုံတရားအပြည့် အသိဉာဏ်ရှိရှိဖြင့်
လူ့အသိုင်းအဝိုင်းကို ဒုက္ခရောက် အောင်လုပ်နေသူများနောက် မပါမိအောင် ရှောင်ရှား သင့်ကြသည်။
အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများ အားနည်းနေသော လူမှုအသိုင်းအဝိုင်းတစ်ခုကို ယခုလိုရုပ်ရှင်ဗီဒီယို
ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးပြု၍ စနစ်တကျစိစစ်ကြပ်မတ်
ဆုံးဖြတ်မှုများဖြင့်သာ ပြန်လည် တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
စဉ်းစားရန်မှာ ရေရှည်အတွက်ဖြစ်သည်။
ပညာရေးကိုပဲ အခြေပြုရမည်ဟုယူဆပါသည်။ ယနေ့ခေတ် သားသမီးအရွယ် လူငယ်လူရွယ်များ၏ ဖြစ်အင်တချို့ကို
ကိုယ်ချင်းစာစိတ်ဖြင့် သင်ခန်းစာ ယူပြီး KG အရွယ် လူမမည်ဘဝကတည်းက မြန်မာ့ယဉ်ကျေးမှု၊
မြန်မာ့အနုပညာကို ချစ်တတ်၊ မြတ်နိုးတတ်၊ လေးစားတန်ဖိုးထားတတ်အောင် ကလေးငယ်များကို လေ့ကျင့်သင်ကြားပေးသင့်ပါသည်။
ချစ်ခြင်းမေတ္တာတရားနှင့်
ကရုဏာတရား ဆိုသည်ကို မင်္ဂလာတရားနှင့်အညီ နေတတ်ထိုင်တတ်သည့် အပြုအမူကောင်းများနှင့်အညီ
လေးစားရကောင်းမှန်း သိလာလျှင် ဘယ်အရာကအမှန် ဘယ်အရာက အမှားဆိုသည်ကို ခွဲခြားနိုင်စွမ်း
ရှိလာမည်ဖြစ်ပါသည်။ သို့မှသာ လူ့ကျင့်ဝတ်နှင့် မဆီလျော်သည့် ဖန်တီးလုပ်ယူထားသော အဆိပ်အတောက်များမှ
ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းတစ်ခုကို ကယ်တင်ရာ ရောက်ပါလိမ့်မည်။ ။

No comments