ရေနံချောင်း - မကွေး - ချောက် လမ်းမဘေးဝဲယာရှိ ရေချမ်းစင်များ သောက်သုံးသူများသောကြောင့် ယခင်ထက် ပိုမိုဖြည့်တင်းနေရ





ရန်ကုန် ဧပြီ ၁၁


မြန်မာ့ဓလေ့ ထုံတမ်းဖြစ်သည့် ရေနံချောင်း - မကွေး - ချောက်လမ်းမဘေးဝဲယာတွင် ရေချမ်းစင်များထားရှိကာ ရေများပေးလှူနေရာတွင် အပူရှိန်တိုးလာသည့်အတွက် သောက်သုံးသူများသောကြောင့် ယခင်ထက် ပိုမိုဖြည့်တင်းနေရကြောင်း အဆိုပါ ရေချမ်းစင်များကို တာဝန်ယူလုပ်ကိုင်ခဲ့ကာ ပုံမှန်ရေဖြည့်ကုသိုလ်ယူနေသော ရေနံသာ ဒင်းဂါးညီနောင်များအဖွဲ့့ ပရဟိတအသင်းမှ သိရသည်။


လက်ရှိတွင် မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်များတွင် အပူရှိန် အလွန်မြင့်တက်နေကာ ချောက်မြို့နယ်အတွင်းရှိ ရေရှားသောရွာများသို့လည်း ရေလှူဒါန်းခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်းလည်း ရေနံသာ ဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းမှ သိရသည်။


“အဓိကက ကျွန်တော်တို့ ရေကုသိုလ်ကို အဓိကဦးစားပေးလုပ်နေတယ်။ အပူရှိန်ပြင်းတော့ ခုဆို ရေအိုးစင်တွေကို တောက်လျှောက်ဖြည့်နေတယ်။ နောက် ရေရှားတဲ့ရွာတွေကို ရေလှူတာတွေလည်း အဓိကဦးစားပေး လုပ်နေတယ်။ အပင်စိုက်တာတွေ ဘာတွေက ခုရက်ပိုင်း မစိုက်နိုင်သေးဘူး။ အပူရှိန်ပြင်းတော့ ရေနံချောင်းနဲ့ ချောက်မြို့နယ်တွေပေါ့။ အခုလုပ်နေတာက ချောက်မြို့နယ်က ရွာတွေကိုတော့ ရေလှူနေတယ်။ ဒီဘက်မှာက အပူရှိန်ကမြင့်နေတယ်။ ပူလာတော့ ရေအိုးစင်တွေကို အရင်က လေးရက်တခါ ဖြည့်တာကနေ အခုလို တစ်ရက်ခြား တစ်ခါလောက်ကို ဖြည့်နေရတယ်” ဟု ရေနံသာ ဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထို့ပြင် ရေနံချောင်း - မကွေး - ချောက်လမ်းမမှ လမ်းဘေးဝဲယာ မိုင် ၇၀ ကျော်အတွင်း အရိပ်ရပင်များအား ၇ နှစ်အတွင်း အပြီးစိုက်မည်ဖြစ်ကြောင်း ရေနံသာ ဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းမှ သိရသည်။


“ရေနံချောင်း - မကွေး - ချောက်လမ်းမ မိုင် ၇၀ ကျော်မှာ အပင်တွေကို လမ်းဘေးဝဲယာ စိုက်နေတာက ၇ နှစ်အတွင်း အပြီးစိုက်မယ်။ ၂၀၂၃ မိုးရာသီမှာ စစိုက်တာပေါ့။ လက်ရှိ မကွေးမြောက်ဘက် ဒေါင်းသေတံတားကနေ စလိုက်တာ ဒိတ်ကုန်းရွာထိပ်ထိတစ်ဖြတ်၊ နောက်ပြီး ရေနံချောင်း မြို့ရှောင်လမ်းမှာတစ်ဖြတ်၊ ချောက်ဧရိယာဆိုရင် ကြောင်ရှာတောရွာမှာတစ်ဖြတ်၊ အဲလိုမျိုး ရေလောင်းရလွယ်အောင် တစ်ဖြတ်ပြီးတစ်ဖြတ် လုပ်သွားလိုက်တာ” ဟု ၎င်းက ဆိုသည်။


အဆိုပါ လမ်းပိုင်းတွင်ပင် ခရီးသည်များ နားနေနိုင်ရန်အတွက် သစ်ပင်များကိုလည်း စိုက်ပျိုးနေသည့်အပြင် ရေချမ်းစင်များနှင့် ဇရပ်များလည်း ထည့်သွင်းထားခြင်းဖြစ်ပြီး ရေချမ်းစင် အလုံးပေါင်း ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။


Thit Taw

No comments

Powered by Blogger.