စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် အမှန်အမှားခွဲခြား
လူတို့သည် ပုထုဇဉ်လူသားများဖြစ်၍ အမှားနှင့်မကင်းနိုင်ပေ။
အမှားပြုလုပ်မိသည်ဆိုရာ၌ မိမိတို့၏ အမှန်မသိနိုင်မှု၊ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ခွဲခြားဝေဖန်သုံးသပ်နိုင်စွမ်း
အားနည်းမှုတို့ကြောင့်သာ အမှားဖြစ်ကြရသည်။ မျက်မှောက်ကာလတွင် လုပ်မှား၊ ကိုင်မှား၊
ပြောမှား၊ ဆိုမှားဖြစ်လွယ်ကြသည်။ အကြောင်းမှာ လူတို့၏သိလိုမှုအရ လေ့လာရှုမြင်နေကြသည့်
လူမှုကွန်ရက်စာမျက်နှာများပေါ်မှ လုပ်ကြံဖန်တီး ထားသော အမှားများကြောင့်ဟုဆိုရမည်။
လူတို့၏အကြိုက် စရိုက်သဘောအလိုက် လူမှုကွန်ရက်များသည်
အမှားများ ရှင်သန်ဖွံ့ဖြိုးရာ နေရာတစ်ခုဖြစ်နေသည်။ လူတို့၏ အသိဉာဏ်ဆင်ခြင်တုံတရား နည်းပါးလေလေ
အမှားများကြီးထွားရှင်သန် ဖွံ့ဖြိုးလေလေဖြစ်နေသည်။ အားလုံးတော့မဟုတ်ပေ။ လူမှုကွန်ရက်
စာမျက်နှာများပေါ်တွင် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း၊ မှန်ရာမှန်ကြောင်း
အကြောင်းအရာများလည်း ရှိနေပါသည်။ မှန်ခြင်း၊ မမှန်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်းတို့သည်
လေ့လာရှုမြင်သူတို့၏ သုံးသပ် ဆင်ခြင်နိုင်မှု အနည်းအများပေါ်တွင် အကြောင်းခံပေသည်။
ဤအရာသည် မှားနေပါသည်။ မှန်ကန်ပါသည်ဟု
ဘေးမှပြောနေ၍မရပေ။ မိမိကိုယ်တိုင်သာ စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းအပေါ်တွင်မူတည်ပေသည်။
ယခုအခါ လူတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းမှုကို အခွင့်ကောင်းယူ၍ မသမာသူ များ၊
အဖျက်သမားများက လူမှုကွန်ရက်များကိုအသုံးချ၍ တစိုက်မတ်မတ်ထိုးနှက် တိုက်ခိုက်၊ လုပ်ကြံဖန်တီးမှုများပြုလုပ်နေသည်။
အထူးသဖြင့် အကြမ်းဖက်အဖွဲ့၊ လက်ဝေခံမီဒီယာများနှင့် ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်ရပ်များအပေါ်အခြေခံပြီး
သတင်းတု၊ သတင်းမှားများ၊ ပုံကြီးချဲ့ကား သတင်းများဖြင့် ပြည်သူလူထုအထင်အမြင် လွဲမှားအောင်၊
ကြောက်ရွံ့စိုးရိမ်မှုဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည်။
ကမ္ဘာပေါ်တွင် ၂၀၂၄ ခုနှစ် နောက်ဆုံးစာရင်းများအရ
ဆိုရှယ်မီဒီယာ အသုံးပြုသူ ဦးရေသည် ၅ ဒသမ ၁၇ ဘီလီယံရှိသည်ဟု သိရသည်။ အရေအတွက်အားဖြင့်
ကမ္ဘာ့လူဦးရေ၏ ၆၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။ ယင်းတို့တွင် ဖေ့စ်ဘွတ်အသုံးပြုသူ ဦးရေသည်
၃ ဒသမ ၀၅ ဘီလီယံရှိသဖြင့် အသုံးအများဆုံး ဆိုရှယ်မီဒီယာပလက် ဖောင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း
ဆိုရှယ်မီဒီယာအသုံးပြုမှုသည် နိုင်ငံ လူဦးရေနှင့်ယှဉ်လျှင် အဆိုပါအချိုးအစားအတိုင်းဖြစ်သည်။
မျက်မြင်တွင် လူအများစုသည် စမတ်ဖုန်းများ ကိုင်ဆောင်ထားကြပြီး အားလုံးသည် ဆိုရှယ်မီဒီယာနှင့်ဖေ့စ်ဘွတ်ကို
အသုံးပြုကြသည်။ ကလေးသူငယ်နှင့် အချို့လူများမှာ အသုံးမပြုကြပေ။
ဆိုရှယ်မီဒီယာများကို စတင်တည်ထောင်စဉ်က
လူသားများကောင်းကျိုးအတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် လောကတွင်
ကောင်းကျိုးနှင့် ဆိုးကျိုးတို့သည် အတူယှဉ်တွဲ ဒွန်တွဲပါလာတတ်သဖြင့် ဆိုရှယ်မီဒီယာများပေါ်တွင်
ကောင်းသောအမှုကိစ္စဆောင်ရွက်ချက်များကို တွေ့မြင်ရသည်ရှိသလို သတင်းတု၊ သတင်းမှား၊ အလိမ်အညာလှည့်ဖျား၊
လုပ်ကြံဖန်တီးမှုများ ဝင်ရောက်လာသည်ကို တွေ့မြင်နေရသည်။ ဆိုရှယ်မီဒီယာများပေါ်တွင်
သတင်းစီးဆင်းမှုသည် လျင်လျင်မြန်မြန် ရောက်ရှိနိုင်သဖြင့် ပြည်သူလူထုကြားသို့ အကြောင်းကိစ္စတစ်ခုသည်
ချက်ချင်းပျံ့နှံ့ရောက်ရှိနိုင်သည်။
တစ်ဦးနှင့်တစ်ဦး မည်မျှအနေဝေးသော်လည်း
သတင်းအချက်အလက်များ၊ ဓာတ်ပုံများ၊ အသံများ၊ လှုပ်ရှားမှုဗီဒီယိုဖိုင်များ အချိန်မဆိုင်းဘဲ
ချက်ချင်းရောက်လာသဖြင့် မှန်ကန်အကျိုးရှိသော အချက်အလက်များကို အလွယ်တကူရရှိသဖြင့် ပြည်သူများ
အကျိုးများကြသည်။ မမှန်ကန်သောသတင်းများ၊ ကောလာဟလသတင်းများ၊ လုပ်ကြံဖန်တီးပုံဖျက်ထားသော
အချက်အလက်များလည်း ချက်ချင်းရရှိနိုင်သဖြင့် မှားယွင်းသောအသိအမြင်၊ မမှန်ကန်သော ဆုံးဖြတ်သုံးသပ်ချက်များလည်း
ချက်ချင်းချမိတတ်ကြသည်။ အကျိုးဆက်အနေဖြင့် မှန်ကန်ကောင်းမွန်သော အချက်အလက်များအတွက်
အကျိုးများကြသလို မှားယွင်းသော အချက်အလက်များကြောင့် နောက်ဆက်တွဲ အကျိုးမများသည့် အခြေအနေများဖြစ်ပေါ်လာတတ်သည်။
အမှန်တကယ်တွင် လူမှုကွန်ရက်စာမျက်နှာများသည်
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသည့် အကျိုးများစွာဖြစ်ထွန်းသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။
ပြည်သူအများ စိတ်လက်ပျော်ရွှင် ပေါ့ပါးစေရန်အတွက် စိတ်ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်သည့်
နေရာတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံရေးအရ အမြတ်ထုတ်နိုင်ရန်အတွက် အသုံးချခံအဖြစ် ဖန်တီးနေမှုများကို
သတိထားရမည်ဖြစ်သည်။ မိမိအတွက်လည်း အကျိုးမများ၊ အများပြည်သူအတွက်လည်း အကျိုးမရှိသည့်
လုပ်ကြံဖန်တီးမှု များကို သတိပြုကြရမည်ဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်
နေ့စဉ်ပေါ်ထွက်လာသည့် အချက်အလက်အကြောင်းအရာများကို ဆင်ခြင်ဉာဏ်အားဖြင့် လေ့လာကြည့်ရှုကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူမှုကွန်ရက်စာမျက်နှာများသည်
လူသားကောင်းကျိုးဖြစ်ထွန်းရေးအတွက် ရည်ရွယ်ချက်ကောင်းများဖြင့် တည်ဆောက်ပေးထားသည်ဖြစ်ရာ
မိမိအတွက်၊ မိမိလူ့ဘောင် အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပြီး
မိမိအတွက်၊ မိမိလူ့ဘောင် အဖွဲ့အစည်းအတွက် ကောင်းကျိုးမဖြစ်ထွန်းသော သတင်းတု၊ သတင်းမှား၊
အဖျက်အမှောင့်သတင်းများကို အသိဉာဏ်၊ ဆင်ခြင်ဉာဏ် များဖြင့် ရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။
ကြေးမုံ

No comments