ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်ရရှိရေး ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၂၄ ကျင်းပ
နေပြည်တော်၊ ဧပြီ ၅
ပြည်ပတွင်
အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင်
အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊
ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊
အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်
ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့က Online မှ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေး
စခန်း ၅ ခုနှင့် Mobile Unit (၃) ခုကို ဖေဖော်ဝါရီ၂၃ ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရာ
ဧပြီ ၄ ရက်အထိ ၁၆၀,၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ CI စခန်းများတွင် ဝင်ငွေခွန်ကောက်ခံခြင်း
လုပ်ငန်းစဉ်နှင့် e-ID အချက်အလက် ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလက်ရှိပါကြောင်း၊
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ သတ်မှတ်ထားသော
လုပ်ခလစာ၊ ဥပဒေပါအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌
ငွေစာရင်း ဖွင့်လှစ်ခွင့်ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ
ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့်
လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့်အစရှိသည့်
အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်
MoU သက်တမ်း ၄ နှစ်ပြည့်မြောက်ပြီးသည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ MoU
U-turn စနစ်ဖြင့်နေ့ချင်းပြီး ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်ရေးအတွက် အလုပ်ရှင်၊
အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ OWIC ရိုက်နှိပ်ခြင်းများကို
One Stop Service ဖြင့် ဆောင်ရွက်ပေးသည့် MoU U-turn စခန်းများကို ၂၀၂၃ခုနှစ်စက်တင်ဘာ
၁၁ ရက်တွင် မြဝတီမြို့နှင့် ကော့သောင်းမြို့များ၌ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး
၂၅ ရာနှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊
ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ
တစ်လလျှင် တစ်ကြိမ်လုပ်ခလစာ၏ ၂၅ ရာနှုန်း သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃
လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာနှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့ရန်
ကြီးကြပ်အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရ
အေဂျင်စီများမှ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး
အလုပ်ခေါ်စာတင်ပြခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခွင့် တင်ပြခြင်းနှင့်
စေလွှတ်ခွင့် တင်ပြခြင်းများကို ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၁ ရက်မှ စတင်၍ Online စနစ်ဖြင့်
စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ
အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) တွင် မြန်မာ အမျိုးသမီးများကို ဝင်ရောက်ဖြေဆိုစေလျက်
EPS စနစ်ဖြင့် စေလွှတ်မည့် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်နိုင်ရေး
ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရနေဖြင့်
နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အလုပ်သမားများ၏
အခန်းကဏ္ဍကို စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေနေများ၊ ပြည်ပအလုပ်အကိုင်
ရှာဖွေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့ တရားဝင်သွားရောက်
လုပ်ကိုင်နိုင်စေရေးနှင့် ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက်
ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်
ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးနေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြာသည်။
ထို့နောက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို အသေးစိတ်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီ တွဲဘက်အတွင်းအရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားများ စေလွှတ်နိုင်ရေး
ဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်နှင့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံက ထုတ်ပေးထားသည့်
ပန်းရောင်ကတ်မှ CI ပြောင်းလဲ ထုတ်ပေးဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ CI စခန်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းစဉ်များ၊
MOU U-turn Update အခြေအနေများ၊ လေကြောင်းလိုင်းမှတစ်ဆင့် MOU စနစ်ဖြင့် အလုပ်သမား
စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ MOU လုပ်ငန်းစဉ်များ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေကို
ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ
မိသားစုလွှဲပို့ငွေများကို တရားဝင် ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေးအတွက်
နိုင်ငံအားလုံး ခြုံမိသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားအကြား
ချုပ်ဆိုမည့် စာချုပ် (မူကြမ်း) ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့
တက်ရောက်လာသည့် ကော်မတီဝင်များ၊ Online မှ တက်ရောက်ကြသည့် အလုပ်သမားသံအရာရှိရုံးမှ
အလုပ်သမား သံမှူးတို့၏ ရှင်းလင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments