နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
နေပြည်တော်၊ ဧပြီ ၅
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ
ကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊
ဝန်ကြီးဌာနအောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြ သည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက
ကျောင်းဆင်းတပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းတွင်
ထူးချွန်ဆု ရရှိခဲ့ကြသော စံပြအရာရှိလောင်း ရေကြောင်းဆုရ အရာရှိလောင်း အောင်ခန့်မင်း၊
စံပြအရာရှိလောင်း အင်ဂျင်နီယာ ဆုရ အရာရှိလောင်း ကောင်းခန့်လင်း၊ စံပြအရာရှိလောင်း လျှပ်စစ်နည်းပညာဆုရ
အရာရှိလောင်း ထက်အာကာထွန်း၊ ကုန်သွယ်ရေကြောင်း အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း
မြတ်မင်းသန့်၊ အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ညီညီဗိုလ်၊ လျှပ်စစ်နည်းပညာ
အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ဇေယျာအောင် တို့အား ဂုဏ်ပြုဆုများ ပေးအပ်
ချီးမြှင့်သည်။
စစ်ရေးပြ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးက ထူးချွန် ဆုရ အရာရှိလောင်း ခြောက်ဦးနှင့် ၎င်းတို့၏မိဘများကို
တွေ့ဆုံဂုဏ်ပြုအမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများ၊
ကျောင်းဆင်း အရာရှိလောင်းများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း
အမှတ်စဉ် (၁၅)၌ ရေကြောင်း အရာရှိလောင်း ၉၀၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း ၈၀၊ ရေကြောင်းလျှပ်စစ်
နည်းပညာ အရာရှိလောင်း ကိုးဦး စုစုပေါင်း ၁၇၉ ဦး တက်ရောက်အောင်မြင်ခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည့်
၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းအရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉၁၀၇ ဦး နှင့်
အခြားအဆင့် သင်တန်းသားပေါင်း ၁၅၅၅၀၆ ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အထိ ရေကြောင်း
ဘက်ဆိုင်ရာကျွမ်းကျင်သူစုစုပေါင်း ၂၇၇၆၉၅ ဦးတို့ကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီး
ဖြစ်သည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိ လောင်းများအနက် လက်ရှိအချိန် တွင် ရေယာဉ်မှူးကြီး
(Captain) အဆင့် ၆၆၀ ၊ ကုန်းပတ်အရာရှိချုပ် (Chief Officer) အဆင့် ၆၇၀ ၊ ဒုတိယတန်း
ကုန်းပတ်အရာရှိ (Second Officer)အဆင့် ၆၇၇ ဦး၊ တတိယတန်း ကုန်းပတ်အရာရှိ (Third
Officer) အဆင့် ၈၄၈ ဦး နှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၆၄၆ ဦး၊ ဒုတိယတန်း
စက်မှုလက်မှုအရာရှိ (2nd Engineer) အဆင့် ၆၅၀ နှင့် တတိယတန်း စက်မှုလက်မှု အရာရှိ
(3rd Engineer) အဆင့် ၁၅၁၆ ဦး တို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ
ထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments