တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော်၊ ဧပြီ ၇


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဧပြီ ၄ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၀၅၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈,၁၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ‌ဆောင်ရွက်လျက် ရှိသည်။


ထို့ပြင် ဧပြီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အတွင်း၌ လိုင်စင်မဲ့ KENBO 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် TARYAN 125 မော်တော်ဆိုင်ကယ် (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၄ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် REPOL Polypropylene Homo-polymer အိတ် (၁၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဧပြီလ ၅ ရက်တွင် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ နာရီစင်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင်စားအုန်းဆီ (၅)လီတာပါ  ဘူး (၇၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ညောင်ခါးရှည်X-Ray စက် စစ်ဆေး ရေးဂိတ်၌ မြဝတီမြို့မှ မိတ္ထီလာမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကားတာယာအဟောင်း(၈၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၄၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မြန်မာနိုင်ငံထုတ် Pyay Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဧပြီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် TS Spanner ကီလိုဂရမ် (၂၅၀၈) ၊ JFRESH LED မီးသီး လုံး (၁၆၀၀) အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၈၄၆,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Van (၁)စီး၊ Mitsubishi Fuso Truck (၁)စီးနှင့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်(၁)စီးနှင့် Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃,၈၄၆,၈၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဧပြီ ၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာအနီး၌ မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် G I Pipe ကီလိုဂရမ် (၃၀၀၀၀) နှင့် Scream အားဖြည့်အချိုရည် (၄၁၂၅) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၄၄၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊ Hino Profia Truck (၁)စီး၊ Mitsubishi Fuso Truck (၁)စီးနှင့် Hino Ranger Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၂,၄၄၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဧပြီ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၈)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Alpha ဘိလပ်မြေအိတ်ခွံ ကီလိုဂရမ် (၁၅၀၀၀)၊ တရုတ် နိုင်ငံထုတ် Ceramic Tile (၆၈၁ ဒသမ ၆)စတုရန်းမီတာ အပါအဝင် ကုန်ပစ္စည်း(၅)မျိုး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇,၇၄၈,၁၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်၍ ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄,၅၄၅,၀၇၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။

(သတင်းစဉ်)

       

No comments

Powered by Blogger.