ပျဉ်းမနားမြို့၌ Power Bank အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
ပျဉ်းမနား ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)ရပ်ကွက်၊ ရန်-မန်းလမ်းဘေး၊ မြင်းရတနာအနီးတွင် ယနေ့နံနက်ပိုင်းက Power Bank အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဘေး၊ မြင်းရတနာအနီးရှိ လူနေအိမ်အပေါ်ထပ်တွင် Power Bank အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရာနေရာသို့ နေပြည်တော် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်နှင့် တပ်ဖွဲ့ဝင် ၃၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့မှ မီးသတ်ရေယာဉ် (၆)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မျိုးသီဟ(ပျဉ်းမနား)

No comments