စုစည်းညီညွတ်မှုအားသာချက်နှင့် ရွေးကောက်ပွဲအောင်နိုင်ခဲ့သူ ရုရှားနိုင်ငံအတွက် Special One
မြင့်မြတ်
ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံခေါင်းဆောင်
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဗလာဒီမီယာပူတင်တစ်ယောက် သမ္မတအဖြစ် ၅ ကြိမ်မြောက်
ထပ်မံအရွေးချယ်ခံရတာကြောင့် ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေကို နောက်ထပ်သက်တမ်း ၆
နှစ် ခေါင်းဆောင်ခွင့်ရခဲ့ပြန်ပါပြီ။ ရုရှားနိုင်ငံတော်နဲ့ ရုရှားပြည်သူတို့ရဲ့ အနာဂတ်အတွက်
အထိုက်တန်ဆုံးသော ခေါင်းဆောင်ကောင်းတစ်ဦးက ရုရှားပြည်သူတို့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။
အကြောင်းက ယခုလိုကာလမှာ ရုရှားပြည်သူတွေ လျှောက်လှမ်းနေတဲ့ ဖွံ့ဖြိုးမှုလမ်းမဆီကနေ
လမ်းမချော်အောင် ပဲ့ကိုင်ပေးနေတဲ့တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ပူတင်တစ်ဦးတည်းကိုပဲ
ရုရှားပြည်သူတွေက မှတ်ယူထားလို့ဖြစ်ပါတယ်။
အခက်အခဲအကျပ်အတည်းကြားက
ရရှိသောထောက်ခံမှု
အမေရိကန်နဲ့
အနောက်အုပ်စုတွေကတော့ ထုံးစံအတိုင်း ယခုနှစ် မတ်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့တဲ့
ရုရှားရွေးကောက်ပွဲနဲ့ သမ္မတပူတင် အနိုင်ရရှိမှုအပေါ် လွတ်လပ်မှုမရှိသော၊ တရားမျှတမှုမရှိသော
ရွေးကောက်ပွဲအဖြစ် အမနာပ ဝေဖန်ပြီးရင်း သုံးသပ်ရင်းပါပဲ။ ဒါလည်း မဆန်းပါဘူး။ ကမ္ဘာပေါ်မှာ
ဩဇာကြီးမားတဲ့ ခေါင်းဆောင်များအနက်က တစ်ဦးဖြစ်တဲ့ ပူတင်ကို အနောက်အုပ်စုခေါင်းဆောင်တွေက
အမြဲလိုလို မလိုမုန်းထားရန်သူအဖြစ် ရှုမြင်ကြခြင်း အကြောင်းရင်းက သူ့ရဲ့ခေါင်းဆောင်မှု၊
ပြည်သူအားလုံး စည်းလုံးညီညွတ်နေမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများအပေါ် မနာလိုဝန်တိုမှုနဲ့အတူ
စိုးရိမ်မှုအားကြီး နေလို့ပါပဲ။
အနောက်အုပ်စုဟာ
ပူတင်က မဟာပြိုင်ဘက်သဖွယ် သဘောထား၊ အကြိမ်ကြိမ်လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပြီး
ရုရှားနိုင်ငံကြီး အင်အားချည့်နဲ့ပျက်စီးအောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကစပြီး
ကြိုးပမ်းခဲ့ကြပါတယ်။ သမ္မတပူတင်က အာဏာရှင်အဖြစ် သမုတ်ခဲ့ပြီး လူ့အခွင့်အရေးကဖောက်ဖျက်သူ၊
အတိုက်အခံတွေကို ထောင်ချဖိနှိပ်သူ၊ အဂတိတရားကြီးမားသူအဖြစ် ပြစ်တင်ဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့
ရုရှားနိုင်ငံတော်ကြီးဟာ မူလလမ်းကြောင်းကနေ ယိမ်းယိုင်မသွားခဲ့တဲ့အပြင် ကမ္ဘာပေါ်မှာ
ဩဇာရှိလာတဲ့ စူပါပါဝါနိုင်ငံ၊ အဘက်ဘက်က အင်အားတောင့်တင်းလာတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်
ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ ဒီအပြင် ပူတင်ဟာ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအလွှာပေါင်းစုံကို
စုစည်းညီညွတ်သော consolidate society တစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့ပြီး ထိုစုစည်းမှုအားနဲ့
နိုင်ငံရဲ့ အချုပ်အခြာကို တည်တံ့ခိုင်မြဲအောင်၊ တည်ငြိမ်အေးချမ်းအောင်၊ ရုရှားနိုင်ငံသားတွေရဲ့
လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့တာတွေ့ရတယ်။
ယခုလို
ပူတင်ရဲ့ ခေါင်းဆောင်မှု၊ အားလုံးပါဝင်တဲ့ ညီညွတ်မှုနဲ့ဖွံ့ဖြိုးမှုကို ဘယ်လိုရလဒ်မျိုးနဲ့
တိုင်းတာနိုင်မလဲဆိုတာ ကြည့်ရအောင်ပါ၊၊ ယခု ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၈၇
ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ သောင်ပြိုကမ်းပြ အနိုင်ရရှိခဲ့မှု၊ ၇၇ ရာခိုင်နှုန်းသော ဆန္ဒမဲပေးခဲ့ကြတဲ့
ပြည်သူလူထုကြီး စတဲ့အချက်တွေက ခေါင်းဆောင်ပူတင်နဲ့ ရုရှား ပြည်သူတို့ကြား အပြန်အလှန်
ယုံကြည်ချက်နဲ့ အနာဂတ်မျှော်လင့်ချက်များဟာ တစ်ထပ်တည်း ကျနေကြောင်း သက်သေပြရာရောက်ပါတယ်။
ရွေးကောက်ပွဲမပြုလုပ်ခင်
ပူတင်ကို အဝေဖန်ဆုံးသောသူ အဓိကအတိုက်အခံတစ်ဦးဖြစ်တဲ့ အလက်ဆီနယ်ဗဲလ်နီ နိုင်ငံမြောက်ဖျားက
အကျဉ်းထောင်တစ်ခုမှာ ရုတ်တရက်သေဆုံးသွားခြင်း၊ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ
ရုရှားထောက်ခံတဲ့ ဒေသခံတွေကို မဲပေးခွင့်ပြုခြင်း စတဲ့လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့်
ယခုလိုပြတ်သားတဲ့ မဲအရေအတွက်အရ ရုရှားပြည်သူတွေ ကိုယ်တိုင်က သူတို့ခေါင်းဆောင်အပေါ်
အပြည့်အဝထောက်ခံမှုရှိနေကြောင်း သုံးသပ်နိုင်မှာပါ။ ရုရှားသိမ်းပိုက်ခံ ယူကရိန်းနယ်မြေက
ဒေသခံတွေဆိုတာက ရုရှားစကားပြော၊ ရုရှားလူမျိုးတွေဖြစ်ပြီး ယူကရိန်းအစိုးရရဲ့ ဖိနှိပ်မှုကြောင့်
နဂိုကတည်းက သူတို့ဟာ ရုရှားဘက်က ဖြစ်ပါတယ်။ ယခုလို အောင်မြင်မှုဟာ ရုရှားနိုင်ငံအပေါ်
အနောက်အုပ်စု နိုင်ငံတွေက ဘေးကျပ်နံကျပ်ဖြစ်အောင် ဝိုင်းဝန်းပိတ်ဆို့ဖိနှိပ်ထားတဲ့
အခြေအနေ၊ ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့ နှစ်နှစ်တာကာလ ရောက်လာတဲ့အခြေအနေ၊
NATO အဖွဲ့ဝင်အများစုပေါင်းပြီး မကြေညာသော တတိယကမ္ဘာစစ်ကို ရုရှားနိုင်ငံတစ်နိုင်ငံတည်းနဲ့
ဆင်နွှဲနေရတဲ့ အခြေ အနေများအောက်မှာ ရရှိခဲ့တာဖြစ်တဲ့အတွက် ရုရှားခေါင်းဆောင်နဲ့ ရုရှားပြည်သူတွေအတွက်
အလွန်ချိုမြိန်သော အောင်မြင်မှုဖြစ်ခဲ့ပါတယ်။
တိုးတက်မှုပြကိန်းဂဏန်းများက
သက်သေပြနေ
ဒါဆိုရင်
ရုရှားခေါင်းဆောင်ပူတင်နဲ့ ပူတင်ရဲ့ပါတီဟာ များပြားတဲ့အခက်အခဲ အကျပ်အတည်း တွေကြားကနေ
ရွေးကောက်ပွဲမှာ ဘာကြောင့်ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါသလဲ။ အနိုင်ရမှုရဲ့ နောက်ခံအကြောင်းတရားတွေက
ဘာတွေဖြစ်မလဲ။ လေ့လာဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲအချို့ရှိခဲ့ပေမယ့်
အသေးအမွှားတွေလောက်သာဖြစ်ပါတယ်။ ခေါင်းဆောင်ပူတင်က ရွေးကောက်ပွဲအောင်နိုင်အပြီး သူ့ကိုထောက်ခံတဲ့
ပြည်သူလူထုကြီးကို စကားပြောရာမှာ ကျွန်တော်တို့ ပြည်သူအားလုံးအကြားမှာ ရေပက်မဝင်တဲ့
ညီညွတ်မှုသာရှိရင် ဘယ်အရာကမှ ရုရှားကို ကြောက်ရွံ့ထိတ်လန့်အောင် လုပ်နိုင်မှာမဟုတ်
ဖိနှိပ်နိုင်မှာမဟုတ်၊ ကျွန်တော်တို့အားလုံးရဲ့ ညီညွတ်မှုအားနဲ့ ရန်သူဟာ အတိတ်မှာကျဆုံးခဲ့ကြသလို
အနာဂတ်မှာလည်း ကျဆုံးရမှာပဲလို့ အခိုင်အမာပြောခဲ့ပြီး ပြည်သူတွေရဲ့ညီညွတ်မှုအားကို
ဘယ်လောက်အရေးထားကြောင်း အသိအမှတ်ပြု အောင်ပွဲခံခဲ့ပါတယ်။
မှန်ပါတယ်။
နေတိုးနဲ့ ယူကရိန်းပြင်ပဖိအားကို ရင်ဆိုင်ရင်း ရုရှားနိုင်ငံကြီးက တည်ငြိမ်မှုမပျက်
ပုံမှန်တိုးတက်အောင်လုပ်နိုင်ခြင်းက ပူတင်ရဲ့ ခေါင်းဆောင်မှုနဲ့အတူ ရုရှားပြည်သူတွေရဲ့
ညီညွတ်မှုအားက အဓိကဖြစ်ကြောင်း သုံးသပ်မိပါတယ်။ ဒီအချက်ကို လူမှုစီးပွားဘဝတိုးတက်မှုပြ
ကိန်းဂဏန်းအချို့နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ IMF အစီရင်ခံစာအရ စစ်ဖြစ်နေတဲ့ကြားက
နိုင်ငံ GDP သည် ၂၀၂၃ ခုနှစ်အတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်သွားပါတယ်။ စီးပွားရေးတိုးတက်မှုက
၂ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ထိုးကျသွားပါတယ်။ ငွေကြေးဖောင်းပွမှု
၇ ရာခိုင်နှုန်း ရှိနေစဉ်မှာ လုပ်ခလစာက တိုးမြှင့်ပေးနိုင်ခဲ့တယ်။ ဆင်းရဲမှုနှုန်းကို
၉ ဒသမ ၈ ရာခိုင်နှုန်းကနေ ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်။ စက်မှုနည်းပညာကဏ္ဍနဲ့
အခြေခံအဆောက်အအုံများအတွက် ငွေကိုပိုသုံးနိုင်တဲ့အခါ ရုရှားပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းဟာ
အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာ တွေ့ရတယ်။ ကလေးမွေးဖွားနှုန်းကအစ တိုးတက်မှုရှိလာတယ်၊၊
ရုရှားလူငယ်တွေကိုယ်တိုင် ကမ္ဘာသစ်တစ်ခုဆီ ရောက်ရှိသွားသလို စိတ်ဓာတ်ခွန်အားအသစ်တွေ
ရလာတယ်လို့ ဆိုပါတယ်။ အရေးကြီးတဲ့ တိုးတက်မှုတစ်ခုက နိုင်ငံရဲ့ကြွယ်ဝလာတဲ့ ဓနအင်အားကို
ပြည်သူလူထုကြီးထံ ချမ်းသာဆင်းရဲကြား မျှတစွာနဲ့ အညီအမျှ ဖြန့်ဝေနိုင်ခဲ့ခြင်းပါပဲ။
ရဲဝံ့ပြတ်သားပြီး မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိသူ
ပူတင်ဟာ
သူ့နိုင်ငံနဲ့သူ့ပြည်သူအတွက် အကျိုးမပြု၊ အကျိုးမရှိတဲ့ မည်သည့်စကား မည်သည့်အပြုအမူမျိုးကိုမျှ
ခွင့်ပြုလေ့မရှိပါဘူး။ နိုင်ငံအတွက်ကောင်းမယ်ထင်ရင် လုပ်စရာရှိတာက ပြတ်ပြတ်သားသား လုပ်လေ့ရှိပါတယ်၊၊
နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲလုပ်ဖို့ လိုအပ်ရင် တွေဝေမနေ ယုံကြည်ချက်အပြည့်နဲ့
ရဲရဲဝံ့ဝံ့လုပ်တတ်တဲ့သဘော ရှိပါတယ်။ ဆုံးဖြတ်ချက်က မှန်မှန်ကန်ကန်ချပြီး ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိတဲ့
ခေါင်းဆောင်လည်းဖြစ်တယ်။
သာဓကအနေနဲ့
ခွဲထွက်ဖို့ကြိုးစားတဲ့ ချေချင်ညာတွေကို စစ်ဆင်နွှဲအောင်မြင်ခဲ့တာ။ ဂျော်ဂျီယာနဲ့ ဖြစ်တဲ့စစ်နဲ့
ကရိုင်းမီးယားကို ရုရှားလက်အောက် ပြန်ရောက်အောင် လုပ်နိုင်ခဲ့တာတွေ၊ ဆီးရီးယားပြည်တွင်းစစ်မှာ
ပြုတ်ကျလုနီး ဆီးရီးယားအစိုးရကို ကယ်တင်ပေးနိုင်ခဲ့တာတွေက နမူနာပါပဲ။ အနောက်အုပ်စ ုခေါင်းဆောင်တွေဟာ
ရုရှားခေါင်းဆောင်အပေါ် အမြဲလျှော့တွက်လေ့ရှိကြတယ်။ သူတို့အမြင် မှားယွင်းကြောင်း ယူကရိန်းအပေါ်
ဆင်နွှဲနေတဲ့ နှစ်နှစ်ကြာ ရုရှားရဲ့အထူးစစ်ဆင်ရေး စွမ်းဆောင်ချက် ရလဒ်တွေနဲ့ အနောက်အုပ်စုရဲ့
ပိတ်ဆို့အရေးယူမှုများအပေါ် ရုန်းထွက်နိုင်မှုက သက်သေပြနေပါ တယ်။
နိုင်ငံတကာကိုကြည့်ရင်
ခေါင်းဆောင်များစွာမှာ မိမိနိုင်ငံက ဦးဆောင်မှုပေးပြီး အောင်မြင်အောင် လုပ်နိုင်တဲ့
အရည်အသွေးကိုယ်စီရှိပြီး ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ပါဝါကို နှစ်ပေါင်းကြာရှည်ဆုပ်ကိုင်ထားနိုင်တဲ့
ပူတင်လို ပေါ်ပြူလာဖြစ်တဲ့ ခေါင်းဆောင်မျိုးကတော့ ရှားပါတယ်။ အဘက်ဘက်မှာ ပြိုကွဲနိမ့်ပါးနေတဲ့နိုင်ငံကို
ကမ္ဘာ့အင်အားကြီးနိုင်ငံ ပြန်ဖြစ်လာအောင် စွမ်းဆောင်နိုင်မှုမျိုးဟာ အလွန်အတုယူစရာကောင်းပါတယ်။
ကမ္ဘာကျော် ကေဂျီဘီထောက်လှမ်းရေး ဗိုလ်မှူးကြီးဘဝကနေ အုပ်ချုပ်ရေးဘက် ရောက်လာသူတစ်ယောက်ရဲ့
စစ်ဘက်နယ်ဘက် အတွေ့အကြုံတွေဟာ နိုင်ငံကို တိုးတက်စေရာမှာ အဓိကဖြစ်တယ်ဆိုတာတွေ့ရ တယ်။
မတူကွဲပြားခြားနားမှုများစွာရှိနေတဲ့၊ ရန်သူပတ်လည်အဝိုင်းခံနေရတဲ့
နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နိုင်ဖို့ဆိုတာ အလုံးစုံသော ဖိအားဒဏ်ခံနိုင်တဲ့ ခေါင်းဆောင်ဖြစ်ရမယ့်အပြင်
နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိဖို့လည်း အထူးလိုအပ်ပါတယ်။ ဘာသာတရားက အထူးလေးစားလိုက်နာခြင်းက
အောင်မြင်မှုအတွက် အထောက်အပံ့ကောင်းဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ရုရှားခေါင်းဆောင်ဟာ စစ်ဘက်မှာ
တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံပြိုကွဲရခြင်းအကြောင်းတရားကို အထူးသိရှိထားသူဖြစ်တဲ့အလျောက်
နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိမှုမှာ စိုးစဉ်းမျှအငြင်းပွားဖွယ်ရာ မရှိနိုင်ပါဘူး။
နိုင်ငံကို ခေါင်းဆောင်ပြီဆိုရင် အောင်မြင်မှုအားလုံးရဲ့ သော့ချက်ဖြစ်တဲ့ ထိုအခြေခံအချက်တွေက
အင်မတန်အရေးကြီးကြောင်း တွေ့ရပါတယ်။
ဒါ့အပြင်
သမ္မတပူတင်ဟာ သူ့ရဲ့အနာဂတ်အမြင်ကို ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ တစ်ထပ်တည်းကျအောင်
လုပ်နိုင်စွမ်းရှိပြီး သူ့ပြည်သူတွေအပေါ် အချိန်ပြည့်လွှမ်းမိုးနိုင်စွမ်းရှိတဲ့အတွက်
ပတ်ဝန်းကျင်က သူ့လူတွေအပေါ်မှာ ကောင်းစွာထိန်းချုပ်နိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ပညာဉာဏ်ပြည့်ဝပြီး အမြော်အမြင်ရှိတဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်မှုကို
ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်သူတွေဘက်ကရော... သူတို့မှာလည်း ခေါင်းဆောင်ကောင်းကို
ရွေးချယ်နိုင်တဲ့ အရည်အချင်းတွေ ပြည့်ဝနေလို့ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ လူသန်းပေါင်း
၂၇ သန်းလောက် သေဆုံးခဲ့ရတဲ့ စစ်ရဲ့အနိဋ္ဌာရုံတွေကို ကောင်းကောင်းသိပြီးကြားပြီးဖြစ်တဲ့
အသိဉာဏ်လည်းရှိ၊ မျိုးချစ်စိတ်နဲ့လည်း မကင်းကွာတဲ့ နိုင်ငံသားတွေဟာ သူတို့ရဲ့အချုပ်အခြာနဲ့
ရုရှား စံတန်ဖိုးတွေက ကောင်းစွာကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ခေါင်းဆောင်မျိုးက မှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့တယ်လို့သာ
သုံးသပ်ရပါမယ်။
ဒါကြောင့်လည်း
သမ္မတ ပူတင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ရုရှားပြည်သူတွေဟာ ပိုပြီးလုံခြုံလာသလို ခံစားလာရတယ်။
လူငယ်တွေရဲ့အနာဂတ်မှာ မျှော်လင့်ချက်တွေရှိလာတယ်၊၊ ဒီရလဒ်ဟာ အစိုးရနဲ့ပြည်သူ ညီညွတ်မှုကြောင့်ဖြစ်ပြီး
လက်ရှိရောက်နေတဲ့ အဆင့်တစ်ခုကနေ အနာဂတ် ရုရှားနိုင်ငံတော်ကြီးဟာ ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်နေမှာပဲဆိုတဲ့
သေချာရေရာမှုများရှိနေကြောင်း ရုရှားပြည်သူများနဲ့အတူ အကောင်းမြင်မိပါတယ်။ နိုင်ငံကို
ဦးဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ခံ့ညားတဲ့ခေါင်းဆောင်ကြောင့် သူ့ပြည်သူတွေကသူ့ကို
ကြိုက်နှစ်သက်ကြတဲ့အပြင် ကမ္ဘာမှာလည်း ဩဇာလွှမ်းမိုးမှုရှိတဲ့ မိမိတို့ရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်
အားကျဂုဏ်ယူကြဟန်တူပါတယ်။ သမ္မတ ပူတင်အနေနဲ့လည်း သူ့ပြည်သူတွေကို ဆေးရုံများ ပြန်လည်ဆန်းသစ်ခြင်းအပါအဝင်
အခြေခံအဆောက်အအုံတွေအတွက် ၄ ဒသမ ၅ ထရီလီယံ ရူဘယ်လ်(အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံ) အထိ
ငွေကိုပိုသုံးပေးမယ့်အကြောင်း၊ အခွန်စနစ်က ပြောင်းလဲမယ့်အကြောင်း တိကျတဲ့ကတိကဝတ်များ
ပေးပြီးခဲ့ပါပြီ။
ကလေးမွေးဖွားနှုန်းက
ဆက်လက်တိုးတက်အောင်လုပ်ပြီး နိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကို တိုးတက်အောင် လုပ်ပါလိမ့်မယ်။
ဒါကြောင့် ဒီလမ်းစဉ်အောက်မှာ ဒီလိုခေါင်းဆောင်နဲ့ ဒီပြည်သူတွေဟာ အမေရိကန်နဲ့အနောက်အုပ်စုရဲ့
ဘယ်လိုဖိနှိပ်ဆန့်ကျင်မှုမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်မှာ သေချာတယ်လို့ ယူဆပါတယ်။
အဓိကအချက်က အချို့ကအာဏာရှင်လို့ သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပ ဖိအားမျိုးစုံရှိတဲ့ကြားကနေ
သူ့နိုင်ငံရဲ့ လူမှုစီးပွားဘဝတိုးတက်အောင် ဘယ်လိုလုပ်သွားသလဲဆိုတာ လေ့လာနေဖို့ပါ။ ရုရှားခေါင်းဆောင်ဟာ
ရုရှားလူငယ်တွေအတွက် အားကျဂုဏ်ယူဖွယ် စံပြပုဂ္ဂိုလ်ဖြစ်နေသလို ကျွန်တော်တို့နိုင်ငံက
အနာဂတ်မျိုးဆက်တွေ အတွက်လည်း သူလိုလူကို နမူနာယူနိုင်ရပါမယ်။
သူ့နိုင်ငံကို
တည်ငြိမ်အောင်လုပ်ထားနိုင်သူဟာ ကမ္ဘာကြီးငြိမ်းချမ်းအောင်လည်း ဆောင်ကြဉ်းပေးနိုင်မယ်လို့
ကျွန်တော်ကတော့ ယုံကြည်တယ်။ လူတွေရှင်သန်နိုးကြားတက်ကြွနေဖို့ တည်ငြိမ်မှုရဖို့နဲ့
လူ့အဖွဲ့အစည်း ကြွယ်ဝတိုးတက်မှုမှာ ဒီမိုကရေစီက အရေးကြီးသလား၊ ဒါမှမဟုတ် နိုင်ငံရေးစနစ်တစ်ခုခုက
အဓိက ကျနေသလား။ သမ္မတကြီး ပူတင်ပေးတဲ့ သင်ခန်းစာအရတော့ လူတစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့
စေတနာ ပညာဉာဏ်ပါတဲ့ ခေါင်းဆောင်မှုစွမ်းဆောင်ရည်ကသာ အဓိကဖြစ်ပြီး ပြည်သူနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များထံမှ
ယုံကြည်မှုကို ရယူချင်ရင် ထိုအရည်အသွေးများကသာ အရေးပါသောနေရာမှာ ရှိနေရမှာဖြစ်ပါကြောင်း
မှတ်ချက်ပြုလိုက်ရပါတယ်။ ။

No comments