တစ်ခါတုန်းက တက္ကသိုလ်မှာ




နွမ်ဂျာသိုင်း


(၁၂-၈-၂၀၂၄ ရက်နေ့မှအဆက်)


“ကောင်းပါပြီ မခင်လေး၊ ကျွန်တော် သွားပါဦးမယ်။ မခင်လေးစကားကို ကျွန်တော် နောင်တနဲ့အတူ တစ်သက်လုံးမှတ်ထားပါ့မယ်။ ကျွန်တော့်အပြုအမူအတွက် မခင်လေး ကျွန်တော့်ကို တစ်သက်လုံး ခွင့်မလွှတ်ပါနဲ့”

ချာခနဲ ကျောခိုင်းသည်။ ခန္ဓာကိုယ်သည် အမှုန်အမွှားလေးတစ်ခု အဖြစ်ဖြင့် လေဟာပြင်ထဲသို့ လွင့်စဉ်သွားသည်။ တရှိန်းရှိန်းဖြစ်နေသော မျက်နှာနှင့်အတူ ရင်ထဲတွင် ဆူဝေလောင်မြိုက်နေ၏။ 


နောက်ဘက်ဆီမှ စောစောကရယ်သံများ ပြန်ကြားရသည်။


ကျွန်တော့် လက်အစုံသည် တင်းကျပ်စွာ ဆုပ်ပြီးသားဖြစ်သွား၏။ အံကို တင်းတင်းကြိတ်မိသည်။


ကျွန်တော့် ခြေထောက်အောက်က မြက်ပင်သည် ကျွန်တော်ဖြစ်နေ၏။


ခပ်ဝေးဝေးရောက်သည်အထိ သူတို့ဆီမှ ရယ်သံများ ကြားနေရသည်။


ကျွန်တော့်ပါးကို ကျွန်တော် ဘယ်ပြန်ညာပြန် ရိုက်ချင်လာသည်။


ပေါ်ဦးသည် ကျွန်တော့်ကို စိုးရိမ်သော သောကမျက်နှာဖြင့် ကြိုနေ၏။


ပေါ်ဦး မှီနေသော တောင်ငူဆောင် ဆင်ဝင်အုတ်တိုင်ကို ခေါင်းဖြင့် ပြေးမဆောင့်မိရန် စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ 


“တောက်”


ရင်ထဲမှ တောက်ခေါက်သံသည် ဦးနှောက်အထိ လာလေသည် တကား။


* * * * *


( ၃ )


အင်းလျားလမ်းသည် အမှောင်ဖြင့် တိတ်ဆိတ်နေ၏။ 


တစ်ချက်တစ်ချက်တွင် ပုစဉ်းရင်ကွဲ၏အသံကလွှမ်းမိုးသည်။ 


နီကြင်ကြင် မီးပွိုင့်လေးများသည် နှင်းထုကြောင့် ချည့်နဲ့နေသည်။

 

ကတ္တရာလမ်းမကြီးသည် အေးလွန်းသဖြင့် တုတ်တုတ်မျှမလှုပ်။


ပတ်ဝန်းကျင်တွင် အအေးသာရှိသည်။


သို့သော် ရင်တွင်း၌မအေး။  အေးသဖြင့်  အအေးကိုလည်းမမှု။ ပေါ်ဦးကမူ ဆွယ်တာကို တင်းတင်းစေ့သည်။


 “အေးကွာ . . . ဘယ်လိုကြီးမှန်းလည်းမသိဘူး” 


အတန်ကြာ ဖွဲ့စည်းမှုရနေသော တိတ်ဆိတ်ခြင်းသည် ပေါ်ဦးအသံ ဖြင့် ပြိုကွဲနေ၏။


“ချစ်ရင်လည်း ချစ်တယ်၊ မချစ်ရင်လည်း မချစ်ဘူး။ ရိုးရိုးသားသား ပြောပေါ့၊ ခုဟာက. . .” 


မကျေမနပ်ဖြင့် ပြောနေသော သူ့စကားကို တုံ့ပြန်ရန် မကြိုးစားမိ။ ကိုယ့်အတွေးနှင့်ကိုယ် ယောက်ယက်ခတ်နေသည်။ နေ့လယ်ကတည်းက လှုပ်နေသောစိတ်သည် ခုထိ နားခိုရာမရသေး။


 “ပြီးတော့လည်း  ဘာမှမဖြစ်သလို  သူက အရယ်မပျက် အပြုံးမပျက် စကားဆက်ပြောနေသေးတယ်၊ သိပ်စော်ကားလွန်းတယ်ကွာ။ မိန်းမတွေဟာ ကောင်းကိုမကောင်းဘူး”


ကျွန်တော် ခေါင်းခါပြီး သူ့စကားအဆုံးတွင် ကိုယ့်အတွေးကို ဖြတ်၍ ဝင်ပြောမိသည်။


“ဆိုင်တော့ မဆိုင်ပါဘူး ပေါ်ဦးရာ၊ ဒါ စော်ကားတယ်လို့ ဘယ်ပြော လို့ဖြစ်မလဲ။ ငါနဲ့ပတ်သက်တဲ့ ခံစားမှု သူ့မှာမှမရှိဘဲ။ ငါ့ကို သူပြောပြီးရင် သူနေချင်သလို ဆက်နေမှာပေါ့။ ငါ မကျေနပ်တာက ငါ့ကိုယ်ငါ” 


“ဘာဖြစ်လို့လဲ”


ပေါ်ဦးက လည်ပြန်ကြည့်၍မေးသည်။ ဘဝင်ကျသောအသံမဟုတ်။


“သူပြောသလိုပဲ ငါသိပ်အောက်တန်းကျသွားတယ်။ သူ ရိုးရိုးသားသားခင်တာကို ငါ့ဘက်က ငါသိပ်တွက်လွန်းသွားတယ်။ စောစောက ငါသိဖို့ကောင်းတာပေါ့ကွာ။ ငါ့လိုကောင်ကို သူဘယ်လိုလုပ် စဉ်းစားမှာလဲ”


“ဟေ့ကောင် . . . မင်းစကားကို ငါလုံးဝလက်မခံနိုင်ဘူး” ပေါ်ဦး က ခါးခါးသီးသီး ငြင်းသည်။ ကျွန်တော် ခေါင်းခါ၍- 


“ဒါ အမှန်တရားပဲ ပေါ်ဦး”


“မဟုတ်ဘူးကွ၊  ဒါ  အမှန်တရားမဟုတ်ဘူး။  လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို  လွတ်လပ်တဲ့ ယောက်ျားလေး တစ်ယောက်က အခါမရွေး ချစ်ခွင့်ပန်နိုင်တဲ့ အခွင့်အရေးရှိတယ်”


ကျွန်တော် နာနာကြည်းကြည်း ရယ်လိုက်သည်။


“အေး. . .ဟုတ်တယ်၊ အဲဒီလိုပဲ အဲဒီလို ချစ်ခွင့်ပန်လာတဲ့အခါ မိန်းကလေးတစ်ယောက်ကလည်း သူငြင်းချင်တဲ့ပုံစံနဲ့ ငြင်းလို့ရတယ်။ ဒါ သူ့အခွင့်အရေးပဲ”


ပေါ်ဦးက ကျွန်တော့်ကို အံ့သြစွာ ကြည့်၏။


“ဘာလဲဟ၊ မင်းက သူ့ဘက်ကပြန်ပြီး ရှေ့နေလိုက်နေတာလား။ မင်း ဘယ်လိုကောင်လဲ”


သူ့အမေးကို ကျွန်တော် သဘောကျသွားသည်။ အမှောင်ထဲ မီးရောင်ကျိုးတိုးကျဲတဲဖြင့် ရတနာဆောင်ကိုကြည့်ရင်း -


“ဘယ်လိုကောင်မှ မဟုတ်ဘူး ပေါ်ဦး၊ သူ့ဘက်က ရှေ့နေလိုက်တာလည်း မဟုတ်ဘူး။ ငါခံစားနေရတဲ့ဝေဒနာ သက်သာနိုင်သလောက် သက်သာအောင် သူ့ကို ခွင့်လွှတ်နေတာ”


“ဘာ . . သူ့ကို ခွင့်လွှတ်နေတာ”


ကျွန်တော် ခေါင်းညိတ်၍ -


“ဟုတ်တယ်၊ သူ့ကို ခွင့်လွှတ်နေတာ။  သူ့ကိုခွင့်လွှတ်နိုင်ရင် ငါ့ဝေဒနာ သက်သာသွားမယ်”


ပေါ်ဦး ရယ်သည်။ ရယ်သံသည် ကံ့ကော်ရွက်များကြားသို့ တိုးဝင် သွား၏။

“ဝေဒနာ သက်သာအောင်က လွယ်ပါတယ် ထွန်းဝေရာ။ အခု လှည်းတန်းသွားမယ်။ အဖြူတစ်ပိုင်းဆို မေ့လွန်းလို့၊ သက်သာလွန်းလို့ ဟိုဘက်တောင်လွန်သေး”


“မင်း တကယ်ပြောတာလား။ အဟုတ် . . . ငါ အရက်သောက်ရင် ဝေဒနာသက်သာမှာလား။ သူ့ကို မေ့သွားမလား”


“သိပ်မေ့၊  သိပ်သက်သာတာပေါ့ကွ။  နည်းနည်းသောက် နည်းနည်းမေ့၊ များများသောက် များများမေ့ သိပ်သစ္စာရှိတယ်။ သောက်ရင်မူးတယ်၊ မူးရင်မေ့တယ်၊ မေ့ရင် သက်သာတယ်။ လာ အခု သွားချမယ်”


ကျွန်တော်က စဉ်းစားဟန်ပြု၍ -


“မင်းဟာက ဘယ်လောက်ကြာအောင် သက်သာနေမှာလဲ၊ မေ့နေ မှာလဲ”


“သောက်သလောက်ပေါ့ကွ၊ မူးနေသမျှ မင်းမှာ တခြားဝေဒနာ မရှိစေရဘူး”


“အမူးပြေရင်ကော”


“ထပ်သောက်ပေါ့”


“ဒါဖြင့် တစ်သက်လုံး မေ့ချင်ရင် ဘယ်လိုလုပ်မလဲ” 


“တစ်သက်လုံး သောက်ပေါ့ကွာ”


“ဒါဖြင့် ဒီလူ့လောကကြီးထဲမှာ ငါ ဘာလုပ်ဖို့ နေဦးမှာလဲ” 


“ဟ . . . ချစ်တဲ့သူက  မုန်းပြီဆိုမှတော့ လောကဆိုတာ ဘာအဓိပ္ပာယ်ရှိဦးမှာလဲ”


ပေါ်ဦးက ဒီစကားကို ခပ်ဆတ်ဆတ် ပြောချသည်။ ကျွန်တော် ခေါင်းခါသည်၊ ရယ်သည်။ အနာရယ်. . .


“သူ့ကို ငါချစ်တာ ငါ့ကို ပြန်ချစ်ဖို့လေးတင် မဟုတ်ဘူးကွ။ ငါ့ဘာသာငါ ချစ်ချင်လို့ချစ်တာ။  သူမုန်းပေမယ့် သူ့ကို ငါချစ်ရမယ်။ မင်းပြောသလို မူးရူးနေမယ့်အစား သူ့ကို ငါခွင့်လွှတ်မယ်။ ခွင့်လွှတ်လို့ ရရင် သူ့ကို ငါ တစ်သက်လုံး ချစ်သွားလို့ရပြီ”


ပေါ်ဦးက ပြုံး၍ ခေါင်းတဆတ်ဆတ်ညိတ်သည်။ ပြီးမှ ကျွန်တော့် ပခုံးကို ကိုင်ဖက်၍ -


“ထွန်းဝေ၊ မင်းဟာ ငါထင်တာထက်တောင် ပိုတော်ပါလား သူငယ်ချင်း။ လောကကြီးက မင်းလိုလူအတွက် ကြည့်နေမယ်မထင် ပါဘူးကွာ။ မင်း စိတ်မလျှော့နဲ့၊ မင်းကို ခင်လေး တစ်နေ့ချစ်လာမှာပါ”


သူ့စကားသည် နှင်းမှုန်များကဲ့သို့ပင် ယာယီအအေးကို ဖန်တီးနေခြင်းဟု ကျွန်တော် သဘောပေါက်သည်။


ကျွန်တော့် မျက်လုံးအစုံသည် မှောင်နေသော အင်းလျားလမ်း တစ်လျှောက်ကို ဝေဝေဝါးဝါး လှမ်းကြည့်လိုက်မိသည်။ 


ရှည်လျားသောလမ်း၏ ခပ်လှမ်းလှမ်း တစ်နေရာတွင် တက္ကသိုလ် ရိပ်သာလမ်းနှင့်ဆုံရာ မီးပွိုင့်မှ မီးရောင်လေးကို လှမ်းမြင်လိုက်ရ၏။


မှုန်သောအလင်းသည် အနီရောင်ကို ပြသည်။


ရပ်။


* * * * *


အိပ်ရာပေါ် ခေါင်းချလိုက်သည်နှင့် ခင်လေးကို အရင်တွေ့သည်။ 


အလင်းပြောက်ကျားစွန်းသော ခြင်ထောင်အမိုးတွင် ခင်လေးသည် တင်းမာသောမျက်နှာဖြင့် ရပ်နေ၏။


တစ်နေ့လုံး ထိန်းထားသောမျက်ရည်သည် ခုမှ ရဲရဲတင်းတင်း ဝဲရဲလာသည်။


အင်းလျားလမ်းမှ ပြန်လာပြီး အိပ်မရသဖြင့်  ထိုင်ရေးခဲ့သော ကဗျာလေးသည် နားထဲတွင် အသံဖြင့် ပဲ့တင်ရိုက်လာ၏။


ပြန်ပါ့မယ်လေ . . .


ဝေဝေဝါးဝါး၊ လမ်းဆုံကြားဝယ် . . .


ဗျာများမသင့်၊ ဝေးရာလွင့်မယ်


သခင့်ဝန်းကျင် . . . မငြိမ်းချမ်း။


သခင့်ထံမှာ


အရုဏ်သောက်မှ ဆည်းဆာကျထိ


ဘဝသက်လုံး ခိုချင်လည်း . . .


သခင့်အနမ်း


နှင်းသောက်ပန်းနှင့်၊ အလွမ်းသင့်၍


လေလွင့်မြူးထူးနေချင်လည်း . . .


ပန်းများမဖူး


ကြယ်မမြူးသော၊ ချစ်ဦးသဲကျွန်း


ကန္တာစွန်းမှာ


အလွမ်းဘီလူး စောင့်တော့တယ် . . .


မှောက်မိုက်ညိုပြာ


သခင့်ရွာမှာ၊ ကျိန်စာတတ်မျိုး မာယာဆိုးနှင့်၊ အငြိုးဆိပ်လူး


မုန်းဘီလူးလည်း စောင့်တော့တယ် . . .


သည်တော့ ပြေးပါ့မယ်လေ . . .


ဝေဝေဝါးဝါး၊ မျှော်လင့်အားနဲ့


စောင့်စားမသင့်၊ ဝေးရာလွင့်မယ် 


သခင့်ဝန်းကျင် နေတစ်ထောင် . . .။


သက်ပြင်းနှင့်အတူ မျက်ရည်များစုလာ၏။ အာရုံထဲတွင် လက်မှတ် ထိုးသော ကံ့ကော်ရွက် ထင်လာသည်။


သို့သော်လည်း သည်အာရုံကို ခင်လေးအသံက ဝင်ဖျက်ဆီး၏။ 


“တော်တော့ ကိုထွန်းဝေ၊ ရှင် ဘာမှ မပြောနဲ့တော့။ ကျွန်မ ရှင်နဲ့ ဘာစကားမှ မပြောချင်ဘူး”


မျက်လုံးကို အတင်းမှိတ်ပစ်မိသည်။ အတင်းတိုးထွက်ပေါ်လာသော ရှက်စိတ်ကို ရအောင်ဖျောက်ပစ်သည်။ သို့သော် ခင်လေး၏ အသံသည် ကျွန်တော့် ကြိုးစားခြင်းကို တစ်ဖန်ပြန်၍ ဖျက်၏။

 

(ဆက်လက်ဖော်ပြပါမည်)

No comments

Powered by Blogger.