Naypyitaw State Academy ‌ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ





နေပြည်တော် ဩဂုတ် ၁၅


ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ၏ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံ ခန်းမ၌ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းသားများက “ကမ္ဘာကသိပြီ ဒို့ကြက်ခြေနီ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပေးကြပြီး Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။


ဆက်လက်၍ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက အမှာစကားပြောကြားကာ သင်တန်းသားများက စုပေါင်း၍ ရှေးဦးပြုစုနည်း သရုပ်ပြသကြသည်။


ထို့နောက် ဇမ္ဗူသီရိမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်ကျော်‌အောင် က သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ကြက်ခြေနီ ဗဟို ကောင်စီဝင် ဒေါ်မေကျော်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်ဖြူဖြူမြင့်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်တို့က ထူးချွန်ဆု ရရှိသူများထံ ထူးချွန်ဆုများကိုလည်းကောင်း၊ Naypyitaw State Academy ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌက သင်တန်းနည်းပြဆရာ၊ ဆရာမများထံ ဂုဏ်ပြုလက်ဆောင်များကိုလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းသားများက “အများ အတွက် ကြက်ခြေနီ” သီချင်းကိုသီဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.