နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ






နေပြည်တော်၊ စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှား (General Jiang You Xia) က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ (Welcoming Dinner) သို့ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် 11th Beijing Xiangshan Forum ဖွင့်ပွဲအခမ်းအနားနှင့် မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟဲဝေတုန် (General He Weidong) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဖိုရမ်၏စုံညီအစည်းအဝေး ဒုတိယပိုင်း (2nd Plenary Session) သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒေသအလိုက် လုံခြုံရေးဆိုင်ရာဖိုရမ် အစည်းအဝေးများသို့လည်းကောင်း၊ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ (Gala Dinner) သို့လည်းကောင်း တက်ရောက်ခဲ့သည်။


စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Chen Xiaodong ၏ “တရုတ်နိုင်ငံ၏ နိုင်ငံတကာရေးရာ ဆောင်ရွက်မှုများ” (Chinese Initiatives of Global Affairs) ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့ပြီး စုံညီအစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက် တက်ရောက်ခဲ့သည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက် အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက် ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) နှင့် သံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုများအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ကာ ပေကျင်းမြို့ရှိ Capital လေဆိပ်မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက် ခွာခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁,၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.