သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံနှင့် ကြိမ်အချောထည်စက်ရုံများ ကြည့်ရှုစစ်ဆေး


 



နေပြည်တော် စက်တင်ဘာ ၁၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွာသာကြီး ပျိုးဥယျာဉ်သို့ရောက်ရှိစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများအား သဘာဝအစိမ်းရောင် တံတိုင်းဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ တရားမဝင်သစ် တားဆီးရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊ ပျိုးပင်သက်တမ်း ၂ နှစ်နှင့်အထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်သွားရန် မှာကြားပြီး ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၃၈,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို လှည်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန် အတွင်းရှိ National Wood Industry သစ်အချောထည်စက်ရုံသို့ သွားရောက်၍ သစ်အချောထည် ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံ စက်ရုံများအနေဖြင့် အရည်အသွေးပြည့်ဝသော သစ်အချောထည်ပစ္စည်းများအား တိုးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေရှာဖွေမှုအား တစ်ဘက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ ပြည်ပဈေးကွက်သို့ သစ်အချောထည် ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Classic Home ကြိမ်အချောထည်နှင့် ပရိဘောဂစက်ရုံသို့သွားရောက်၍ ကြိမ်ပရိဘောဂထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှုအခြေအနေများ၊ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၄၀,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ TK-Interiors ကြိမ်အချောထည် စက်ရုံသို့သွားရောက်၍ ကြိမ်အချောထည် ပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၉) သစ်စက်နှင့် အမှတ် (၄) သစ်စက်များသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံးလိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသော သစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပ စျေးကွက်များရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားကာ စက်ရုံအတွင်း သစ်ခွဲစိတ် ဆောင်ရွက်နေမှု အခြေအနေနှင့် သစ်ခွဲသားများ လပ်ပုံထိုင်ဆောင်ရွက်ထားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.