မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁၈
ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်သော မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်များရှိ သီးနှံများပျက်စီးခဲ့သည့် ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ခဲ့သည့် စိုက်ခင်းများ ပြန်လည်ကုစားနိုင်ရေးနှင့် ရေဘေးလွတ်ကင်းခဲ့သည့် စိုက်ခင်းဧရိယာရှိသီးနှံများ ပန်းတိုင်အထွက် ရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မိတ္ထီလာခရိုင်စိုက်ပျိုး ရေးဦးစီးဌာန မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သီးနှံအလိုက်ပညာရှင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အလိုက်တောင်သူ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်တာဝန်ခံများက သီးနှံများအလိုက် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက လက်ရှိ ကြုံတွေ့နေရသည့်အခက်အခဲနှင့် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမသွားစေရေး အတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သက်ဆိုင်ရာခရိုင်မြို့နယ် တာဝန်ရှိသူများက ရေကျ ပြီးနောက် ပြန်လည်စိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက် ဧရိယာအလိုက် စာရင်းအား အချိန်မီပြုစုပေးနိုင်ရေးနှင့် မျိုးစေ့များကိုကြိုတင်စုဆောင်းထားရှိရေး၊ တောင်သူများ ပြန်လည်စိုက်ပျိုးမည့် သီးနှံပုံစံကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့သည့် စပါးခင်းများရေကျပြီးနောက် ပြန်လည်ကုစားနိုင်မည့် အစီ အမံများ၊ မြေပြင်အခြေအနေမှန် သိရှိရေးအတွက် တောင်သူများနှင့်ချိတ်ဆက်မှု လျင်မြန်ချောမွေ့စေရန် Viber group များကို ဒေသအလိုက် ဖွဲ့စည်းထားရှိရေး၊ နုန်းဖုံးလွှမ်းခဲ့သည့်စိုက်ဧရိယာများ ပြန်လည်စိုက်ပျိုးနိုင်မှုနှင့် ရေကြီးရေလွှမ်းပြီးနောက် ကြုံတွေ့ရတတ်သည့် သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယခုကြုံတွေ့ခဲ့ရသည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်ခင်းများထိခိုက်ပျက်စီးခဲ့ရာတွင် မိတ္ထီလာခရိုင်၌ ဧကသုံးသောင်းငါးထောင်ကျော်၊ ရမည်းသင်းခရိုင်တွင် ဧကငါးသောင်းခြောက်ထောင်ကျော်၊ ကျောက်ဆည်ခရိုင်၌ ဧက တစ်သိန်းတစ်သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments