ဆူဒန်နိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ၉၅၀၀ ကျော်ရှိပြီး ၃၁၅ ဦး သေဆုံး



စက်တင်ဘာ ၁၇

ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁၅ ဦး အပါအဝင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၉၅၃၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါကာလဝမ်းရောဂါဖြစ်ပွားမှုနှုန်းများပြားလာခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့အထိ  ကာလဝမ်းရောဂါဖြစ်ပွားသူ ၉၅၃၃ ဦး အထိရှိလာကြောင်း ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ဩဂုတ်လ ၁၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ကာလဝမ်းရောဂါဖြစ်ပွားမှုသည် မသန့်ရှင်းသောရေများအသုံးပြုခြင်းနှင့် စစ်ပွဲဖြစ်ပွားခြင်းတို့ကြောင့်ဖြစ်သည်ဟု ထိုဝန်ကြီးဌာနကယူဆထားသည်။

၂၀၂၃ ခုနှစ် ဧပြီလက စစ်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ ဝက်သက်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများဖြစ်ပွားခဲ့ရာ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်။ ပဋိပက္ခဖြစ်ပွားမှုကြောင့် ၁၆၆၅၀ ဦး သေဆုံးခဲ့ပြီး လူပေါင်းသန်းနှင့်ချီ စစ်ဘေးသင့်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.