တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် နိုင်ငံအချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်

 



လင်းလက်ကြယ်

 

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုတာ ဒေသတစ်ဝန်း၊ နိုင်ငံတစ်ဝန်းသာမက ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ပြောင်းလဲတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် ရှောင်လွှဲလို့မဖြစ်နိုင်ပါဘူး။ အဲဒီလို ရာသီဥတု‌ ဖောက်ပြန်‌ပြောင်းလဲမှုဖြစ်စဉ်က ရေကြီး‌ရေလျှံမှုတွေဖြစ်‌ပေါ်ခြင်း၊ ရေခဲ‌တောင်တွေ အရည်‌ပျော်လာခြင်း၊ ပင်လယ်‌ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အင်အားပြင်း‌တဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ ဖြစ်‌ပေါ်လာခြင်း၊ တောမီးတွေလောင်ကျွမ်းခြင်း စ‌တဲ့သဘာဝ‌ဘေးအန္တရာယ် ဆိုးကျိုးများစွာဖြစ်ပေါ်စေပြီး လောကလူသားတွေအပေါ် စိုးရိမ်ဖွယ်ရာ ခြိမ်း‌ခြောက်မှုတစ်ခုအဖြစ် ရှိနေပါတယ်။

 

လတ်တလောမှာ အလွန်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် မြန်မာနိုင်ငံ အပါအဝင် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာ အပြင်းအထန်ခံစားရကာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုတွေရှိတဲ့အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားလျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ အချို့နိုင်ငံတွေ၊ အချို့နေရာဒေသတွေမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ ကြိုတင်တည်ဆောက်ထားသော်ငြား၊ ပျက်စီးဆုံးရှုံးမှုကတော့ အနည်းနဲ့အများ ဆိုသလို ရှိနေဆဲပါပဲ။

 

ဖိလစ်ပိုင်

 

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် သေဆုံးသူ ၂၁ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးနဲ့ အထက်ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ရာဂီမုန်တိုင်းကြောင့် မြို့တော်မနီလာမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဘူလာကန်၊ ကာမရင်းနော်တေး၊ ကာမရင်းဆား၊ ကာဗီတေး စတဲ့ပြည်နယ်တွေမှာလည်း ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပါတယ်။


 


မနီလာပင်လယ်အော် နာဗိုတာ့စ်ကမ်းရိုးတန်းမှာ သင်္ဘောအများအပြား သောင်တင်သွားခဲ့ပြီး သင်္ဘောနှစ်စင်း တိုက်မိကာ တစ်စင်းမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၂၈၂၈၇၁၀ ဘေးသင့်ခဲ့ပြီး အခြား ၈၀၈၄၂ ဦး အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၀၈ သန်းရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် မုန်တိုင်းကြောင့် နေအိမ် ၇၆၂၂ လုံး ထိခိုက်မှုရှိခဲ့ပြီး ၄၉၃ လုံးမှာ အလုံးစုံပျက်စီးကြောင်း၊ မြို့ ၆၅ မြို့နဲ့ အခြားဒေသတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ပွားကြောင်းနဲ့ နေရာ ၁၇၅ နေရာမှာ လမ်းများပိတ်ဆို့ပြီး တံတား ၃၁ စင်းမှာလည်း သွားလာ၍မရကြောင်း၊ ကောက်ပဲ သီးနှံစိုက်ဧကပေါင်း ၉၂၅၉၀ မှာလည်း ပျက်စီးသွား ကြောင်း ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို ရာဂီမုန်တိုင်း ဝင်ရောက်ပြီးနောက် လေးဦးသေဆုံးကာ အခြား ၉၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို အိမ်ထောင်စု ၈၃၀၀၀၀ ခံစားခဲ့ရပါတယ်။ စီးပွားရေးဆုံးရှုံးမှုအနေနဲ့ ဟိုင်နန်ကျွန်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီရှိတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ရာဂီမုန်တိုင်းကြောင့် နေအိမ် ၅၇၀၀၀ နီးပါးလည်း ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပါတယ်။

 

ဗီယက်နမ်

 

ဗီယက်နမ်နိုင်ငံမှာ ရာဂီမုန်တိုင်းတိုတ်ခတ်မှုကြောင့် လူပေါင်း ၂၉၂ ဦးထက်မနည်း သေဆုံးကာ အခြား ၁၉၀၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံတစ်ဝန်း မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး နေအိမ်ပေါင်း ၂၄၁၅၀၁ လုံးထက်မနည်း ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။

 

ဒါ့အပြင် ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၅၇၈၅၇ လုံး နစ်မြုပ်ခဲ့ရပြီး ကောက်ပဲသီးနှံစိုက်ဧက ၆၂၀၀၀၀ လည်း ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြို့တော်ဟနွိုင်းမှာ မုန်တိုင်းကြောင့် လေးဦးသေဆုံးကာ အဆောက်အအုံ ၆၅၂၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်ပေါင်း ၂၀၀၀၀ ကျော် မှာလည်း အမြစ်လန်လဲကျတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ကြက်၊ ငှက်ကောင်ရေ ၁ ဒသမ ၅ သန်းနှင့် အခြားတိရစ္ဆာန်ကောင်ရေ ၂၅၀၀ သေဆုံးခဲ့ကြောင်း စိုက်ပျိုးရေးနဲ့ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံချီ ရှိတယ်လို့ သိရပါတယ်။

 

ဂျပန်နိုင်ငံက တိုင်ဖွန်းမုန်တိုင်း ရာဂီဒဏ်သင့် ဗီယက်နမ်နိုင်ငံကို မကြာသေးမီက အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အဲဒီထောက်ပံ့ပစ္စည်း လွှဲပြောင်းပေးအပ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ နွိုင်ဘိုင်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့ပြီး ဂျပန်သံရုံးနဲ့ ဗီယက် နမ်အစိုးရတို့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ဗီယက်နမ်နိုင်ငံ ကို ထောက်ပံ့ကူညီမှုတွေပေးနိုင်ရေး လုပ်ဆောင် လျက်ရှိပါတယ်။

 

လာအို

 

လာအိုနိုင်ငံက ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး တစ်ဦးသာ သေဆုံးမှုရှိတယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် လျောင်နမ်သာပြည် တစ်ဝန်းရှိ ကျေးရွာ ၁၇ ရွာမှ လူပေါင်း သုံးရာကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုကတော့ လျောင်ပရာဘန်း၊ အော့ဒွန်းဇေနဲ့ ဘာကိုပြည်နယ်တွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။

 

ထိုင်း

 

ထိုင်းနိုင်ငံမှာ ရာဂီမုန်တိုင်းကြောင့် ၄၂ ဦး သေဆုံးပြီး ၃၆ ဦးက ချင်းရိုင်ပြည်နယ်မှဖြစ်ပြီး ကျန်ခြောက်ဦးမှာ ချင်းမိုင်ပြည်နယ်မှဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတစ်ဝန်း အိမ်ထောင်စု ၃၄၀၀၀ ထိခိုက်မှုရှိခဲ့ပါတယ်။ ရေကြီးရေလျှံမှု ကြောင့် မယ်ဆိုင်ခရိုင် ကျေးရွာငါးရွာမှာ နေအိမ် ၁၁၉၁ လုံးနဲ့ ဈေးဆိုင် ၉၂ လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပါတယ်။

 

ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် ချင်းရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။ ဘန်ခန်းနဲ့ နောင်ကိုင်းပြည်နယ် အချို့ဒေသတွေမှာ မဲခေါင်မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားပြီးနောက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

 

ကိုးကား - ဆင်ဟွာ

 


No comments

Powered by Blogger.