တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံး အတွင်းမှ တင်သွင်းသည့် နိုင်ငံ ကွဲလွဲနေသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅,၇၅၁,၀၂၉) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃,၉၅၅,၅၄၅)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၄၉,၇၀၆,၅၇၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက် ခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီးနှင့် မော်တော်ဆိုင်ကယ်(၆)စီး စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့နယ်၊ ဆင်ခေါင်း-သံရွာ-ဟန်မြင့်မိုရ်လမ်းဆုံ၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၆၁၈,၀၉၁)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပလိပ်မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်း (၉)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂,၆၉၄,၇၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂,၃၁၂,၈၄၁) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်ခရိုင်နှင့် ဟင်္သာတခရိုင် တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၅)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၂၀,၀၀၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း၊ ကျိုင်းဖောင်းဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄)မျိုး၊ လူသုံးကုန် ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၆၃၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Isuzu Giga Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၃,၇၅၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၃)မျိုးနှင့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head (၁)စီး၊ Nissan Diesel Tractor Head (၁)စီး နှင့် နောက်တွဲယာဉ် (၂)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၂၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၅၆,၉၄၄)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၀,၃၉၆,၉၄၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၄,၉၂၁,၃၅၉) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)
No comments