မြကမ္ဗလာ လွှမ်းခြုံတဲ့ ဤမြေဖြစ်စေဖို့
မြန်လင်းမောင်
“သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနား” ဆိုတဲ့ စကားပုံကို လူတိုင်းနီးပါး
ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အရိပ်အာဝါသနဲ့ ပြည့်စုံပြီး ခက်လက်ဝေဆာစည်ပင်နေတဲ့ သစ်တစ်ပင်မှာ
ငှက်ကောင်ရေပေါင်း တစ်သောင်းမျှ ခိုဝင်နားနေနိုင်သည်ဟု ဆိုလိုသကဲ့သို့ လူတစ်ဦးတစ်ယောက်ရဲ့
စွမ်းဆောင်မှုနဲ့ အများအတွက် အကျိုးပြီးစီးနိုင်ပုံကို ပြဆိုရာမှာလည်း ဒီစကားပုံလေးကို
သုံးနှုန်းလေ့ရှိကြပါတယ်။ အခုဆောင်းပါးမှာတော့
စကားပုံရဲ့ အဓိပ္ပာယ် မူရင်းဖြစ်တဲ့ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုး၊ သစ်တစ်ပင်ရဲ့ အသုံးဝင်မှု
ကိုသာ ပြဆိုလိုပါတယ်။
မကြာသေးခင်ရက်များဆီက နေပြည်တော်မှာ ဆင်သေချောင်း ရေလျှံတော့ ချောင်းကမ်းနံဘေး
ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ၊ လူတွေ ရေနောက်မျောပါ ပျက်စီးကြရတာကို
ဝမ်းနည်း စိတ်ထိခိုက်ဖွယ်ရာ ကြားသိရပါတယ်။ တချို့ဆို ရေနောက်မျောပါသွားပြီး သစ်ပင်တစ်ပင်နဲ့ ချိတ်မိပြီး အသက်ရှင်ကျန်ရစ်ခဲ့တာတွေ၊
အိမ်တွေထဲကို ရေတွေ ရုတ်တရက် ဝင်လာလို့ မိသားစုလိုက်၊
အုပ်စုလိုက် သစ်ပင်ပေါ်တွေမှာ တက်ပြီးခိုလှုံလိုက်နိုင်တာကြောင့် အသက်ဘေးကနေ သီသီကလေးလွတ်မြောက်
လာကြရတာတွေကို အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဗီဒီယိုတွေမှာ မြင်ကြတွေ့ကြရပါတယ်။ တချို့လူတွေဆို
“ဒီသစ်ပင်လေးပေါ့၊ သူကျွန်တော့်အသက်ကို ကယ်တင်လိုက်တာ။
သူကယ်ပေလို့သာပေါ့၊ မဟုတ်ရင် ဒီရေစီးမျိုးနဲ့သာဆို အသက်နဲ့ကိုယ် အိုးစားကွဲတော့မလို့”
ဆိုတာမျိုး အွန်လိုင်းမှာ ရေးတင်နေကြတာလည်း
တွေ့ရတယ်။ ရေစီးနဲ့အတူမျောပါသွားပြီးတဲ့နောက် တွေ့ရာသစ်ပင်ကို ဖမ်းဆွဲထားပြီး အသက်ရှင်လာခဲ့တဲ့
လူတစ်ဦးရဲ့ ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားပါ။ ဒါဟာ သစ်ပင်တွေကနေ တိုက်ရိုက်ပေးဆောင်လိုက်တဲ့
အကျိုးကျေးဇူးတွေကို ကိုယ်တွေ့မျက်မြင် တွေ့လိုက်ကြရပြီလို့ဆိုရင် မှားအံ့မထင်။
သစ်ပင်တွေရဲ့ အကျိုးကျေးဇူးတွေ
သစ်တော၊ သစ်ပင်တွေကနေ ထောက်ပံ့ပေးနေတဲ့ အကျိုးကျေးဇူးတွေက များပြားလှပါတယ်။ သစ်တောတွေကနေ သစ်နဲ့ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းတွေအပြင် “ဥတုရာသီ၊ တောကိုမှီ” ဆိုသလို ရာသီဥတုပြောင်းလဲမှုကို
ထိန်းညှိပေးတာ၊ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးတာ၊
လေထုအတွင်းကနေ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးတာ၊ ရေနဲ့ လေသန့်စင်အောင် လုပ်ဆောင်ပေးတာ၊
မြေတိုက် စားမှု၊ မြေပြိုမှုတွေနဲ့ ကမ်းရိုးတန်းတွေကို ကာကွယ်ပေးတာ၊ ဝတ်မှုန်ကူးခြင်းနဲ့
ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝစေတာ၊ မြေဆီမြေနှစ် အဆင့် အဆင့် ဖြစ်ပေါ်စေတာစတဲ့ ဝန်ဆောင်မှုတွေကို
သစ်တော၊ သစ်ပင်တွေ ကနေ ပံ့ပိုးပေးနေပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း၊ အပန်းဖြေမှု၊
အလှအပနဲ့ မျက်စိပသာဒဆိုင်ရာ ဝန်ဆောင်မှုတွေ၊ သုတေသနနဲ့ ပညာ ရပ်ဆိုင်ရာတွေနဲ့ ရိုးရာဓလေ့
ယုံကြည်ကိုးကွယ်မှုတွေ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေအတွက်လည်း သစ်တော၊ သစ်ပင်တွေကနေပဲ
အထောက်အပံ့ပြုပေးနေတာလည်း ဖြစ်ပါတယ်။
သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်း
စိုက်ပျိုး
သစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းခြင်းဟာ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေပြီး ပတ်ဝန်းကျင်ဆိုင်ရာ
ဝန်ဆောင်မှုနဲ့ အကျိုးကျေးဇူးတွေများစွာ ရရှိစေတာဖြစ်တဲ့အတွက် သစ်တောသယံဇာတများ ရေရှည်
တည်တံ့စေရေးနဲ့ ပြန်လည်ထူထောင်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲတွေ၊
လူထုဖြန့်သစ်ပင် စိုက်ပျိုးခြင်းတွေ ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၁ ခုနှစ်ကနေ ယနေ့ အချိန်အထိ
နိုင်ငံအဆင့် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၇၇ ပင်၊ နိုင်ငံနဲ့တစ်ဝန်း
သစ်ပင်စိုက်ပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင် ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံတော် အနေနဲ့ နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ မှာ ၂၀၂၄ မိုးရာသီအတွင်း
သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲ
စိုက်ခင်းနဲ့ ကျေးရွာထင်းစိုက်ခင်းတွေ တည်ထောင်ခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနဲ့
လူထု ဖြန့် စိုက်ပျိုးခြင်းနည်းလမ်းတွေနဲ့ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့
စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့
၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကနေ
သိရပါတယ်။
သဘာဝသယံဇာတ အမွေအနှစ်
“ဆည်မြောင်းချောင်းကန် ရေပြည့်လျှံ၊ သစ်ပင်ရံမှ သဏ္ဌာန်လှပ မြဲထာဝရ” ဆိုတဲ့အတိုင်း
သစ်တော၊ သစ်ပင်တွေရှိမှသာ မြေတိုက်စားမှု၊ ရေတိုက်စားမှုတွေကနေ ကာကွယ်ပြီး ဆည်တာတမံတွေ
ရေရှည်တည်တံ့ စေမယ်ဆိုတဲ့အကြောင်း၊ လတ်တလောကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေဟာ ရေဝေရေလဲသစ်တောတွေ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးတာ၊
နုန်းအနည်အနှစ် ပို့ချမှုတွေ များလာတာ၊ ရေစီး ရေလာတွေ ထိန်းသိမ်းမှုအားနည်းလာတာတွေကြောင့်
ပျက်စီးလာခြင်းရဲ့ အကျိုးဆက်တွေဖြစ်ကြောင်း
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
က စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့
၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။
တစ်ရွာနှစ်ဧက စိုက်ခင်းတွေ တည်ထောင်
ထို့အတူပဲ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မိတ္ထီလာ-ကျောက်ပန်းတောင်း
- ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက်- မကွေးလမ်း လမ်းမကြီး ဝဲ/ယာမှာ ကြီးမြန်သစ်ပင်တွေ
စိုက်ပျိုးရေးနှင့် အပူပိုင်းဇုန် ၁၃ ခရိုင်မှာ အနည်းဆုံး တစ်ရွာ နှစ်ဧက စိုက်ခင်းတွေ တည်ထောင်နိုင်ဖို့အတွက်
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ဆက်စပ်ဌာနတွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ ခုနှစ်
မိုးရာသီမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့
မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ကျေးရွာ ၈၀၉ ရွာမှာ ကျေးရွာထင်းစိုက်ခင်းနဲ့ ဘက်စုံသုံး စိုက်ခင်း ၃၅၅၁ ဧက သစ်ပင်ပေါင်း ၂ ဒသမ ၁ သန်း စိုက်ပျိုး
ခြင်း၊ ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင် ၄၀၀၀၀ ကျော် စိုက်ပျိုးခြင်းနဲ့ မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ဆည်ရေလှောင်တမံ ၂၀
ရဲ့ ရေဝေရေလဲ ဧရိယာတွေမှာ ရေဝေရေလဲ စိုက်ခင်းတည်ထောင်ခြင်း၊
အပူပိုင်းဇုန် ဒေသ ၁၃ ခရိုင်အတွင်း အနည်းဆုံးတစ်ရွာ
နှစ်ဧက စိုက်ခင်းတည်ထောင်တာတွေကို ဆောင်ရွက် လျက်ရှိပါတယ်။
သစ်စေ့မြေလုံးတွေကြဲချ
ဒါ့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့
ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း
အကွက်အမှတ် (၅၆) ဧရိယာ ၁၀ ဒသမ ၅ ဧကမှာ ဒေသနဲ့ကိုက်ညီသော သစ်ပင်အမျိုး အစား ကိုးမျိုးဖြစ်တဲ့
မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစတဲ့ သစ်စေ့မြေလုံးစုစုပေါင်း ၁၀၀၀၀၀
ကို တပ်မတော် ရဟတ်ယာဉ်နဲ့ ကြဲချတာကို ၂၀၂၄ ခုနှစ်
ဇူလိုင် ၁၄ ရက်က ပြုလုပ် ခဲ့ပါတယ်။
သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံး
ကမ္ဘာပေါ်မှာ သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တဲ့
မိမိတို့နိုင်ငံမှာ ဒီရေတော ဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝစေဖို့၊
လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစား ရမှုတွေကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်နိုင်ဖို့၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်ဖို့၊ ဒေသခံပြည်သူတွေအတွက် ငါး၊ ကဏန်း၊ ပုစွန်စတဲ့ ရေသယံဇာတတွေ
စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ ကုန်းတွင်းပိုင်းကို ဆားငန်ရေ ဝင်ရောက်မှုတွေကနေ ကာကွယ်တားဆီးနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီရေတောတွေဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ နှစ်
ဩဂုတ်လအထိ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၄၄ ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေခြောက်ခု အပါအဝင် မြန်မာနိုင်ငံ
သစ်တောပြန်လည်တည်ထောင်ရေး စီမံကိန်း အစီအစဉ်နဲ့ ယနေ့အချိန်အထိ ဒီရေတောစိုက်ခင်းဧက ၂၁၈၃၀ တည် ထောင်ခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်။
သဘာဝဘေးလူမရွေး
လက်ရှိကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေက ပုံစံမျိုးစုံ၊ နည်းမျိုးစုံ နဲ့ အကြိမ်ရေ
ခပ်စိပ်စိပ် ဖြစ်ပေါ်နေတာပါ။ သဘာဝဘေးဆိုတာမျိုးက ဖြစ်လာပြီဆိုရင် ရဟန်းရှင်လူ ပြည်သူမရွေး၊
လူတန်းစားမရွေး၊ လူမျိုး မရွေး၊ နိုင်ငံမရွေး ထိခိုက်နိုင်တာပါ။ ဒါကြောင့်မို့လို့
နိုင်ငံတော်အစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်အစီအမံတွေ ချမှတ်ခြင်းနဲ့ သစ်တောတွေ ပြန်လည်တည်ထောင်တဲ့
လုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍဟာ
အထူးအရေးကြီးပြီးတော့ လူထုအခြေပြု ဒီရေတော စိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောတွေ
တည်ထောင်ခြင်း၊ အစိမ်းရောင်တံတိုင်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အပြင်
သစ်တော၊ သစ်ပင်တွေနဲ့ စိမ်းစိုလှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ ရာသီဥတု သမမျှတမှုတွေကို
ပိုင်ဆိုင်တဲ့ အစိမ်းရောင် မြကဗ္ဗလာလွှမ်းခြုံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ သစ်တော၊ သစ်ပင်တွေ ထူထောင်စိုက်ပျိုး ထိန်းသိမ်းကြပါစို့ဟု
အလေးပေးတိုက်တွန်း လိုက်ရပါတယ်။
ကိုးကား - သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
No comments