ပီရူးနိုင်ငံ၌ တောမီးများလောင်ကျွမ်းမှုကြောင့် ၁၅ ဦး ထက်မနည်းသေဆုံး
စက်တင်ဘာ ၁၇
ပီရူးနိုင်ငံရှိဒေသအများအပြားတွင် တောမီးများပြင်းထန်စွာလောင်ကျွမ်းနေသောကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Cesar Vasquez ယမန်နေ့က ပြောကြားသည်။
အဆိုပါတောမီးများလောင်ကျွမ်းမှုကြောင့် ၁၅ ဦး သေဆုံး၊ ခြောက်ဦးမှာ ဆေးရုံတွင်ကုသမှုခံယူလျက်ရှိပြီး ၁၂၈ ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ၎င်းကပြောသည်။
အာဏာပိုင်များက သတိပေးချက်ဆက်လက်ထုတ်ပြန်ထားပြီး မီးဘေးသင့်ဒေသများအား ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
ယခုနှစ်အတွင်း နိုင်ငံအတွင်းရှိ ဒေသကြီး ၂၅ ခုအနက် ၂၃ ခုတွင် တောမီးများလောင်ကျွမ်းမှု ၂၂၂ ကြိမ်ရှိကြောင်း အမျိုးသားအရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။
ပီရူးသမ္မတ Dina Boluarte က ဒေသအာဏာပိုင်များနှင့် အခြားသောအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ရန်နှင့် တောမီးများလောင်ကျွမ်းသော ဒေသများအားဆက်လက်စောင့်ကြည့်ရန် အမေဇုန်ဒေသသို့သွားရောက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments