“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအောက်ရှိ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်ဦးကျော်ဝင်းသိန်းက ကျောင်းသား လူငယ်များအနေဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစား တွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိ လိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်နှင့် ကောလိပ် များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့်အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိ လိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းကကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခု စကားဝိုင်းမှရရှိမည့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတ များကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှ ဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင်ပါဝင်ရန်နှင့် အဂတိလိုက်စားမှုကိုငြင်းဆိုရန် တိုက်တွန်း ပြောကြား သည်။
ယင်းနောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments