ပေါ်တူဂီနိုင်ငံ၌ တောမီးလောင်ကျွမ်းမှုများကြောင့် ခုနစ်ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ
စက်တင်ဘာ ၁၈
ပေါ်တူဂီနိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်ကစတင်လောင်ကျွမ်းခဲ့သော တောမီးများသည် နိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းသို့ ဆက်လက်လောင်ကျွမ်းလျက်ရှိရာ ခုနစ်ဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါတောမီးများလောင်ကျွမ်းမှုကြောင့် နေအိမ်အလုံးပေါင်းဒါဇင်နှင့်ချီပျက်စီးခဲ့ပြီး အဓိကအသုံးပြုသောလမ်းများနှင့် အဝေးပြေးလမ်းများလည်းပိတ်ထားခဲ့ရသည်။ အမျိုးသားအရေးပေါ်နှင့် ကာကွယ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့က Aveiro ခရိုင်ရှိ မီးလောင်ကျွမ်းမှုများကိုထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိသည်။ တောမီးသည် ကီလိုမီတာ ၁၀၀ အကွာအထိ ပျံ့နှံ့လောင်ကျွမ်းလျက်ရှိသည်။
အာဏာပိုင်များက တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး Pombal, Alvaiázere နှင့် Condeixa-a-Nova ဒေသမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းဖော်ပြထားသည်။ အစိုးရအဖွဲ့က တောမီးလောင်ကျွမ်းမှုဆိုင်ရာ သတိပေးချက်ကို စက်တင်ဘာ ၁၉ ရက်နေ့အထိ တိုးမြှင့်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments