ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)နှင့် အပိုင်း(၂) သတ်မှတ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၃၀)ဧကရှိသော နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁)” နှင့် ဧရိယာအကျယ်အဝန်း (၃၀)ဧကရှိသော နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၂)”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၈၂/ ၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက် (၂၀၂၄ ခုနှစ်၊ ၉ လ ၉ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏သဘာဝ တောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။

 

ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁)နှင့် အပိုင်း(၂) သတ်မှတ်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ၊ နဘဲ စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်း ဒေသထွက်သစ်တောထွက် ပစ္စည်းများ ပိုမိုရရှိနိုင်ခြင်း၊ အရိပ်နှင့် နားခိုရာနေရာများ တိုးပွါးလာစေခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ငုံး၊ ယုန်၊ ရှဉ့် စသည့် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတု ပိုမိုကောင်းမွန်မျှတလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

No comments

Powered by Blogger.