နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်



(၁၈-၉-၂၀၂၄)

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် ၎င်းနေ့ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း အစရှိသော အစာအဆိပ်သင့် ရောဂါလက္ခဏာများ ဖြစ်ပွားသဖြင့် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး - နေပြည်တော်တွင် အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ် (၄)ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

 

သတင်းရရှိလျှင်ရရှိခြင်း စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းခြားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ စက်တင်ဘာ ၁၈ ရက်တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ကူးစက်) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။


သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့ များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။







 

No comments

Powered by Blogger.