မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား ကြည့်ရှုစစ်ဆေး




နေပြည်တော် စက်တင်ဘာ ၁၈


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား  သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ် ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်း‌ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိ အခြေအနေနှင့် အကျဉ်းထောင်တာဝန်ရှိသူများက လည်းကောင်း၊ အကျဉ်းသားအချင်းချင်း လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။


စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း၊အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှလှူဒါန်းခဲ့သည်။


ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.