မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ




နေပြည်တော်၊ စက်တင်ဘာ ၁၆


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အဦ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း တက်ရောက် အမှာစကားပြောကြားသည်။


သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင် ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို  သင်ကြားပြသပေးမည်ဖြစ်ပြီး နည်းပြဆရာဖြစ် သင်တန်းသို့ တက်ရောက်ခြင်းအားဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သိရှိတတ်ကျွမ်းကာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချချိန်တွင် ကျွမ်းကျွမ်းကျင်ကျင် ညွှန်ကြားပြသနိုင်မည်ဖြစ်၍ ရွေးကောက်ပွဲတွင်လည်း မဲပေးစက်ဖြင့် မဲပေးခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။


ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ရွေးကောက်ပွဲတွင် မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများသည် လွယ်ကူလျင်မြန်စွာဖြင့် သက်သောင့် သက်သာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရရှိနိုင်မည်ဖြစ်သည်။


အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၆  ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ် 


No comments

Powered by Blogger.