ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ



နေပြည်တော် အောက်တိုဘာ  ၁၂


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အသင်းတို့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက် (Recommendation) အချက် ၄၀ အနက် မြန်မာနိုင်ငံက ဆောင်ရွက်ပြီးစီးမှု ၂၆ ချက်ကို အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်၍ လည်းကောင်း၊ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံ (Action Plan) ၁၅ ချက်မှ ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်များကို နှစ်အလိုက်အဆင့်တိုးမြှင့် ရရှိမှုများ၊ ၂၀၂၄ ခုနှစ်တွင် အဆင့်တိုးမြှင့်ရရှိခဲ့သည့် အချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အချက်များ၊ AML/CFT ဗဟိုအဖွဲ့များနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် နေမှုများ၊ ML/ TF ဆိုင်ရာ High Risk Area များ၊ High Risk Industry များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး ပုဂ္ဂလိကကဏ္ဍမှ ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ရမည့် သတင်းအချက် အလက် များ၊ အစီရင်ခံစာများ၊ ဟွန်ဒီလုပ်ငန်းများ လျော့နည်းပပျောက်ရေး ဆောင်ရွက်ရမည့်အချက်များနှင့် ကြီးကြပ်ရေးအာဏာပိုင် အဖွဲ့အစည်းများမှ လက်ရှိ ဆောင်ရွက်နေမှုများ၊ အွန်လိုင်းမှ တရားမဝင်ငွေရေးကြေးရေး ဆောင်ရွက်နေမှုများအား တားဆီးအရေးယူမှုများကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့် အချက်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကောင်း သတင်းရရှိသည်။ 


သတင်းစဉ်


No comments

Powered by Blogger.